တပ်ဖွဲ့ဝင်များ၏ စားသောက်ရေးနှင့် ဝေယျာဝစ္စများ လုပ်ပေးနေရသည့် စစ်မှုထမ်း အမျိုးသမီးများ၏ဘဝ

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်။

ရှေ့တန်းတွေသွားပြီးတော့ တိုက်တာခိုက်တာမဟုတ်ဘဲနဲ့ အဲမှာ ရှေ့တန်းမှာ တခြားသောစစ်သားတွေရဲ့ ဝေယျာဝစ္စ ချက်ရေးပြုတ်ရေး အဲ့ဒါတွေ တာဝန်ယူ လုပ်ဆောင်ရတာတွေက အများကြီးပဲရှင့်” လို့ WLB အထွေထွေအတွင်းရေးမှူး နာင်းမို့မို့က ပြောပါတယ်။


စစ်မှုထမ်းဖို့ စုဆောင်းခံထားရတဲ့ အမျိုးသမီးတွေကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ စားသောက်နေထိုင်ရေးနဲ့ တခြားဝေယျာဝစ္စတွေကို ဖိအားပေးခိုင်းစေတာကြောင့် လုပ်ဆောင်ပေးနေရတယ်လို့ အမျိုးသမီးများအဖွဲ့ ချုပ်(မြန်မာနိုင်ငံ) – WLB က ပြောပါတယ်။ 

စစ်မှုထမ်းဖို့ စုဆောင်းခေါ်ဆောင်ခံရတဲ့ အမျိုးသမီးတွေအပေါ် စစ်ကောင်စီရဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတွေက သုံးသပ်ပြောဆိုပါတယ်။

အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) – WLB အထွေထွေအတွင်းရေးမှူး နာင်းမို့မို့က “ရှေ့တန်းစစ်မြေပြင်မှာ ပို့တဲ့ဟာတွေလည်း ရှိသလိုမျိုး မပို့ဘဲနဲ့ အထူးသဖြင့် ဘယ်လိုခေါ်မလဲ စခန်းတွေမှာ အဲဒီနေရာတွေမှာ အမျိုးသမီးတွေကို အကူလိုမျိုး အဲဒီမှာရှိနေတဲ့စစ်သားတွေရဲ့ စားရေးသောက်ရေးကိစ္စကိုကူဖို့ ဘာညာဆိုပြီး တော့ စုဆောင်းတာတွေကရှိတယ်။ နေရာဒေသ တော်တော်များများမှာ ဖြစ်ပါတယ်။ ရှေ့တန်းတွေသွားပြီးတော့ တိုက်တာခိုက်တာမဟုတ်ဘဲနဲ့ အဲမှာ ရှေ့တန်းမှာ တခြားသောစစ်သားတွေရဲ့ ဝေယျာဝစ္စ ချက်ရေးပြုတ်ရေး အဲ့ဒါတွေ တာဝန်ယူ လုပ်ဆောင်ရတာတွေက အများကြီးပဲရှင့်” လို့ ပြောပါတယ်။

စစ်မှုထမ်းအဖြစ် စုဆောင်းခံရတဲ့အမျိုးသမီးဦးရေကို အတိအကျ မသိရပေမဲ့လည်း အမျိုးသမီးတွေ စစ်မှုထမ်းဖို့ စုဆောင်းခံနေရတာဟာ မြန်မာနိုင်ငံအနှံ့မှာ ဖြစ်ပေါ်နေတယ်လို့ နာင်းမို့မို့ က ဆက်ပြောပါတယ်။

“တော်တော်များများဖြစ်တယ်။ အထူးသဖြင့် ကျမတို့ တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေ ပြီးလို့ရှိရင် တော်လှန်ရေးအစိုးရတွေ တော်လှန်ရေးအင်အားစုတွေ မထိန်းချုပ်နိုင်တဲ့ အပြည့်အဝ မထိန်းချုပ်နိုင်တဲ့ မအုပ် ချုပ်နိုင်တဲ့ နေရာဒေသတွေမှာဆိုရင် ဒါတွေက ဖြစ်နေတာပဲ။ ခုနက ကျမပြောသလို ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဖြစ်နေတာတွေ အများကြီးပဲ။ ဟို ရန်ကုန်၊ မန္တလေးလိုဟာမျိုးလည်း ကျမတို့ ကြားနေရတာတွေရှိတယ်ပေါ့နော်။ ဥပမာ သွားရင်းနဲ့ Bus ကားပေါ်မှာပဲ အမျိုးသမီးတွေရော အမျိုးသားတွေရော အကုန်လုံးခေါ်သွားတာမျိုးတော့ ဒီမျိုးတွေကတော့ အများကြီး နေရာတွေက ဒေသအနှံ့ပါပဲ။” 

စစ်အာဏာသိမ်းပြီးနောက် အခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စစ်ကောင်စီက သတ်မှတ်ထားတဲ့ အသက် အရွယ်အလိုက် နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရဆိုတဲ့ ဥပဒေကို ထုတ်ပြန်ခဲ့ပြီး အမျိုးသမီးတွေကိုပါ အပတ်စဉ် ၅ ကနေစပြီး ခေါ်ဆောင်သွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။ 

ဒီလိုထုတ်ပြန်ပြီးနောက် မြန်မာနိုင်ငံအနှံ့မှာ စစ်ကောင်စီက အမျိုးသမီးတွေကိုပါ စစ်မှုထမ်းဖို့ စုဆောင်းတာတွေ ကို လုပ်လာခဲ့တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ အမျိုးသမီးအရေး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။

စစ်မှုထမ်းဖို့ စုဆောင်းခံထားရတဲ့ အမျိုးသမီးတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ စားသောက်နေထိုင်ရေးနဲ့ တခြားဝေယျာဝစ္စတွေကို ဖိအားပေးခိုင်းစေမှုတွေ အပြင် စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင် စနစ်နဲ့အတူ ဖိုဝါဒလွှမ်းမိုးမှုတွေကြောင့် တခြားလူမှု အဖွဲ့အစည်းအသီးသီးမှာလည်း ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှုတွေ ပိုများလာတယ်လို့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတွေက ထောက်ပြမှုတွေ ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်နဲ့အတူ ဖိုဝါဒကြီးစိုးမှုကို အခြေခံတဲ့ဓလေ့တွေကြောင့် ဂျဲန်ဒါ အခြေပြု အကြမ်းဖက်မှုတွေမှာ အမျိုးသမီးတွေက ပိုမိုခွဲခြားဆက်ဆံခံနေရတယ်လို့ သုံးသပ်နေကြပါတယ်။ 

LGBTQIA+ အရေး တက်ကြွလှုပ်ရှားသူ သန့် က “ဖိုဝါဒဆိုတာက အယူဝါဒတစ်ခုဖြစ်တယ်။ အဲ့ဒီအယူဝါဒကပဲ ကျနော်တို့ လူမှုအဆောက်အအုံ အများကြီးကို ကျောထောက်နောက်ခံပေးထားတာတွေ အများကြီးရှိတယ်။ အဲ့ထဲမှာ စစ်တပ်က ဆိုလို့ရှိရင် ပိုမြင်သာတဲ့ လူမှုအဆောက်အအုံတစ်ခုဖြစ်တယ်ပေါ့။ အဲ့တော့ ဖိုဝါဒရဲ့ သက် ရောက်မှုကို ခံရတယ်ဆိုတဲ့အခါမှာ အမျိုးသမီးတွေဟာ အများစုဖြစ်တယ်။ ဆိုတော့ လူဦးရေအားဖြင့်လည်း အများစုလည်း  ဖြစ်တယ်ပေါ့နော။ အမျိုးသမီးတွေကို ဒုတိယလူတန်းစား sporting သတ်မှတ်လက်ခံ ဆက်ဆံ ကြတဲ့ အလေ့အထက ကျနော်တို့ လူမှုပတ်ဝန်းကျင်မှာ ဒါက ပုံမှန်တရားတစ်ခုအနေနဲ့ပေါ့။ ပုံမှန်အနေနဲ့ကို ရှိနေတဲ့အရာဖြစ်တယ်” လို့ ထောက်ပြပါတယ်။

ခေတ်အဆက်ဆက်က ခံယူထားတဲ့ ဓလေ့တွေအတိုင်း လက်ရှိတော်လှန်ရေးကာလမှာလည်း ကျား/မ တန်းတူ ရေးကို အခြေမခံတဲ့ ဖိုဝါဒကြီးစိုးတဲ့လှုပ်ရှားမှုတွေက ကဏ္ဍပေါင်းစုံမှာ ဆက်ပြီးဖြစ်နေပြီး အမျိုးသမီးတွေက ဒုတိယ လူတန်းစားအနေနဲ့ပဲ ခွဲခြားဆက်ဆံတာ ဖြစ်တယ်လို့ ဆိုပါတယ်။

 မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင် ဒေါ်တင်တင်ညို က “ကျမတို့ နိုင်ငံမှာ ဘာတွေ ရှိလာလဲဆို စစ်အာဏာရှင်ကြီးစိုးမှုရှိတယ်။ တစ်ဖက်မှာလည်း အစွန်းရောက်ဝါဒတွေလည်း လွှမ်းမိုးလုပ် ဆောင်နေတဲ့ အနေအထားမှာရှိတယ်။ တစ်ဖက်မှာလည်း အမျိုးသားရေး ကြီးစိုးရေး ဝါဒတွေ တော်တော် များများနဲ့ ကျမတို့ရဲ့နိုင်ငံတစ်ခုရဲ့ ပြောမယ်ဆို လူမှုအသိုင်းအဝိုင်းကို အဲ့ဒီဝါဒတွေနဲ့ တည် ဆောက်လာကြတာ ရှိတယ်။ ဘယ်သူတွေက အဲ့ဒါတွေကို ဦးဆောင်လဲဆိုရင် အမျိုးသားတွေက အုပ်ချုပ်တယ်။ ဆိုတော့ နိုင်ငံ တစ်ခုမှာ စစ်ဖြစ်ခြင်း၊ ငြိမ်းချမ်းခြင်းဆိုတဲ့ဟာက ဒီအရာတွေ အားလုံး ဦးဆောင်နေတဲ့ သူက ဒီဟာသွားနေလို့ ဖြစ်တယ်“ လို့ ပြောပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်စနစ်နဲ့အတူ ဖိုဝါဒလွှမ်းမိုးမှုဟာ လူ့အဖွဲ့အစည်းအတွင်း က ဂျဲန်ဒါအခြေပြု အကြမ်းဖက် မှုရဲ့ အကျိုးဆက်တစ်ခုအဖြစ် လိင်စိတ်ခံယူမှု ကွဲပြားသူတွေအပေါ် လူမှုဘဝထိခိုက်မှုတွေနဲ့ ပတ်သက်ပြီးတော့ သန့် အခုလို ဆက်ပြောပါတယ်။ 

“တချို့ဆို လိင်စိတ်ခံယူမှုကွဲပြား ပိုပြီးတိတိကျကျပြောရရင် LGBTIQ+ လူထုတွေ အနေနဲ့ဆိုလို့ရှင်လည်း ဒီလိုမျိုး ဖိုဝါဒရဲ့အကျိုးသက်ရောက်မှုတွေ အများကြီး ခံရတယ်ဆိုတော့ အဲ့တော့ ဖိုဝါဒရဲ့သဘောကိုက အမျိုးသားဖြစ်ခြင်းကို ကြီးကျယ်မြင့်မြတ်စေတယ်။ ဆိုတော့ LGBTIQ+ အနေနဲ့ကြတော့လည်း တခြားသော လူမှုရေးဆိုင်ရာအဖွဲ့ရဲ့ ဖယ်ကျဉ်မှုတွေ ခွဲခြားဆက်ဆံမှုတွေ အများကြီးခံရတယ်။“

ကျား/မတန်းတူရေးအတွက် ခွဲခြားခြင်း ဆက်ဆံခံနေရတဲ့ တခြားတစ်ဖက်မှာ နိုင်ငံအတွင်း စစ်အာဏာရှင်စနစ် ရှင်သန်ကျင့်သုံးနေသမျှ ကာလပတ်လုံး ပြည်သူတွေလိုချင်တဲ့ ငြိမ်းချမ်းရေး၊ တန်းတူရေးကို အကောင်အထည် ဖော်နိုင်မှာ မဟုတ်တဲ့အတွက် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ပျက်သုန်းရေးနဲ့အတူ ဖိုဝါဒကြီးစိုးမှုကိုလည်း တစ်ခါတည်း တိုက်ဖျက်သွားဖို့ လိုအပ်တယ်လို့ အမျိုးသမီးအရေးလှုပ်ရှားသူတွေက ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်း စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားဖို့အပြင် လူမှုအသိုင်းအဝိုင်းမှာ အမျိုးသမီးတွေနဲ့ လိင်စိတ်ခံယူမှုကွဲပြားသူတွေအပေါ်  မြင်တဲ့အမြင်တွေ ပြောင်းလဲလာစေဖို့ လူတစ်ဦး တစ်ယောက်ချင်းစီမှာ ရှိနေတဲ့ဖြစ်တည်မှုကို တန်ဖိုးထား လေးစားမှုက ဖိုဝါဒလွှမ်းမိုးမှုနဲ့ ဂျဲန်ဒါခွဲခြားဆက်ဆံမှု ပပျောက်ဖို့အတွက် အခြေခံအကျဆုံး အရေးကြီးဆုံးအချက်ဖြစ်တယ်လို့ BWU က ဆိုပါတယ်။