နိုင်ငံတကာ အကူအညီများအား စစ်ကောင်စီ အာဏာတည်မြဲရေးအတွက် သုံးစွဲဟု NUG စွပ်စွဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၈ ရက်။
နိုင်ငံတကာမှ ပေးအပ်သည့် လူသာချင်းစာနာမှု အကူအညီများကို စစ်ကောင်စီက ၎င်း၏အာဏာ တည်မြဲရေး အတွက်သာအသုံးပြုနေသည်ဟု အမျိုးသား ညီညွှတ်ရေးအစိုးရ (NUG) က ပြောဆိုလိုက်သည်။
မြန်မာနှစ်ဆန်း ၁ ရက်နေ့၊ ဧပြီလ ၁၇ ရက်နေ့က ပြည်သူများထံသို့ နှစ်သစ်ကူး နှုတ်ခွန်းဆက် မိန့်ခွန်းတွင် (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ထောက်ပြ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ကျနော်တို့ လူထုထိခိုက်ခံစားရမှုကို အကြမ်းဖက် စစ်အုပ်စုက ထပ်မံ အသုံးချခွင့် ရသွားတော့ စိတ်မကောင်း စရာ ကောင်းပါတယ်။ ဒါ့အပြင် လူသားစာနာမှု အကူအညီတွေကို စစ်အုပ်စုက လက်နက်သဖွယ် ကိုင်စွဲအသုံးချ နေပါတယ်။ နိုင်ငံတကာက ပေးအပ်တဲ့ လူသားစာနာမှု အကူအညီတွေဟာ လိုအပ်နေတဲ့ လူထုတွေထံ တိုက်ရိုက် ရောက်ရမှာဖြစ်ပါတယ်။ လူထုကိုဘေးဒုက္ခအန္တာရာယ်မျိုးစုံ ကျရောက်အောင်လုပ်နေတဲ့ စစ်တပ်လက်ထဲ လူသားစာနာမှု အကူအညီ အုပ်စု ကိုယ်ကျိုးအတွက် အသုံးချဖို့ ဘယ်လိုနည်းနဲ့မှ ရောက်မသွားရဘူး ဆိုတာ ကျနော်ရှင်းရှင်းပဲ ပြောကြားချင်ပါတယ်။”
စစ်ကောင်စီသည် ပြည်သူ့ဘဏ္ဍာဖြင့် ဝယ်ယူဖြည့်တင်းထားသည့် အရင်းအမြစ်များကို ငလျင်ဘေးဒုက္ခ ခံစား နေရသည့် ပြည်သူလူထု ကယ်ဆယ်ရေးတွင် အသုံးမပြုဘဲ လေကြောင်း တိုက်ခိုက်ရေးအတွက် အသုံးပြုနေ သည်ကို လူထုအနေဖြင့် ရှင်းလင်းစွာ မြင်နိုင်ရန် လိုအပ်သည် ဟု ပြောသည်။
ယာယီသမ္မတ ဒူဝါလရှီးလက “တိုင်းပြည်က ငလျင်ဘေးဒဏ်ကြီးကို ကြုံတွေ့ခံစား နေရချိန်မှာ ပြည်သူ အချင်း ချင်း ကူညီဖေးမနေကြချိန်မှာ နိုင်ငံတကာ မိတ်ဆွေများက လူ၊ နည်းပညာနဲ့ စာနာမှု အကူအညီ အထောက်အပံ့ တွေနဲ့ စိတ်ရင်းဖြင့် ကူညီနေကြချိန်မှာ စစ်ကောင်စီကတော့ သူ့အာဏာ တည်မြဲရေးအတွက် ကိုယ်ကျိုးစီးပွား အတွက်သာ ကြည့်နေတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်တွေ့ နေကြရပါတယ်။ တိုင်းပြည်က ငလျင်ဘေး ဒဏ်ကြုံတွေ့ခံစား နေရချိန်မှာတောင် လေကြောင်း တိုက်ခိုက်မှုတွေကို ရပ်တန့်ခြင်း မရှိခဲ့ပါဘူး။ ဒါက ဒုက္ခ ရောက်နေတဲ့ ပြည်သူတွေကို ဒုက္ခအပေါ် ဒုက္ခ ထပ်ပေးတာ ဖြစ်ပါတယ်” ဟု ပြောသည်။
စစ်ကောင်စီက လူသာချင်း စာနာမှု အကူအညီများကို နိုင်ငံရေး လက်နက်သဖွယ် ချုပ်ကိုင်အသုံးချမှု မဖြစ်စေ ရန် အာရှနှင့် နိုင်ငံတကာကို အမျိုးသား ညီညွှတ်ရေး အစိုးရ NUG က သတိပေး တောင်းဆိုထားသည်။
လူသားချင်းစာနာမှု အကူအညီကို ကိုယ်ကျိုးအတွက် အသုံးချခြင်းမျိုး မဖြစ်စေဘဲ ဘေးဒဏ်သင့် လူထု တစ်ရပ် လုံးထံ မျှမျှတတနှင့် အလျင်အမြန် ရောက်ရှိရန် ပြည်တွင်း အဝန်းအဝိုင်းများ၊ နိုင်ငံတကာ မိတ်ဆွေများနှင့် NUG က ကြိုးစားပူးပေါင်း ဆောင်ရွက်နေသည်ဟုလည်း ဆိုသည်။
အလားတူ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ငလျင်ဘေးသင့် ပြည်သူများ ပြန်လည် ထူထောင်ရေး လုပ်ငန်းအတွက် အမြန်ဆုံး ဆောင်ရွက်ပေးမည်ဟု မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ နှုတ်ခွန်းဆက် စကားတွင် ထည့်သွင်း ပြောဆိုခဲ့သည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ငလျင်ကြောင့် ပြည်တွင်းတွင် အကူအညီ များစွာ လိုအပ် ခဲ့ပါတယ်။ ပြည်တွင်းပြည်ပ အကူအညီတွေလည်း ဖိတ်ခေါ်ခဲ့သလို ထိုင်းနိုင်ငံမှာကျင်းပတဲ့ ဆဌမ အကြိမ် မြောက် ဘင်းစတက် ထိပ်သီးအစည်းအဝေးကို တက်ရောက်စဉ်မှာလည်း အစည်းအဝေး တက်ရောက်လာတဲ့ နိုင်ငံ ခေါင်းဆောင်များနဲ့ တွေ့ဆုံပြီး မြေငလျင်နဲ့ ပတ်သက်လို့ အကူအညီ တောင်းခံခဲ့ပါတယ်။ ကျနော်တို့ အစိုးရ အနေနဲ့ ငလျင်ဒဏ်ခံဒေသတွေနဲ့ ပြန်လည်တည်ဆောက်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို အမြန်ဆုံး ဆောင်ရွက်ပေးသွားပါမယ်။ မိဘပြည်သူများရဲ့ စုပေါင်းအားနဲ့ ဆောင်ရွက်ရင် ပုံမှန်အခြေအနေကို အမြန်ဆုံး ရောက်ရှိနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောသည်။
မတ်လ ၂၈ ရက်နေ့က ပြင်းအား ရစ်ချ်တာစကေး ၇ ဒဿမ ၇ အဆင့်ရှိ ငလျင်ဒဏ်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူးတိုင်းဒေသကြီး၊ နေပြည်တော်၊ ရှမ်းပြည်တို့တွင် လူထုထိခိုက် သေဆုံးမှုနှင့် အဆောက်အအုံ ထိခိုက်ပျက်စီးမှု များပြားခဲ့သည်။
လက်ရှိ အချိန်တွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် လူသားချင်း စာနာထောက်ထား မှု အကူအညီများ အရေးပေါ် လိုအပ်နေဆဲဖြစ်သည်ဟု မြေပြင်ရှိ လူမှုကူညီရေး အသင်းအဖွဲ့များနှင့် ပြည်သူများ က ဆိုသည်။
ဓါတ်ပုံ – The Korea Post/တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး