ဆန်သည်လာသည့် သားအဖ ဖမ်းခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၁ ရက်။
မြိတ်ခရိုင်၊ မြိတ်မြို့နယ်ရှိ စစ်ကောင်စီ၏ ကြေးနန်းတိုင်တံတား စစ်ဆေးရေးဂိတ်တွင် ဆန်အိတ် တင်ဆောင်လာ သည့် သားအဖ ၂ ဦးအား စစ်ကောင်စီ တပ်ဖွဲ့များက ဖမ်းဆီးလိုက်သည်ဟု ရွာသားများက ပြောသည်။
တနင်္သာရီတိုင်း မြိတ်မြို့ရှိ သစ်ခွဲစက်ရုံသို့ သစ်တင်ပို့ပြီးနောက် အပြန်တွင် ကြေးနန်းတိုင်တံတား စစ်ဆေးရေးဂိတ်၌ ဧပြီလ ၁၅ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးခံရခြင်း ဖြစ် သည်။
အေးသာယာရွာသစ်မှ အသက် ၄၀ ခန့်အရွယ် ရွာသားတစ်ဦးက “မြိတ်က အပြန်ဆိုပေမဲ့ ကြေးနန်းတိုင် စစ် ဆေးရေး ဂိတ်က စစ်ဆေးပြီး လွှတ်လိုက်ပြီးမှ၊ ခုံမော်ရွာရောက်တော့ ပျူစောထီးအဖွဲ့နဲ့ ဆုံပြီး ထပ်အစစ်ခံရ တယ်၊ ဆန်အိတ်တွေပါလာတယ် သွားမရဘူး၊ ပြန်လှည့်ဆိုလို့ မြိတ်ကိုအပြန် ကြေးနန်းတိုင်ဂိတ်က ပြန်ဖမ်း လိုက်တာ” ဟု ပြောသည်။
ဖမ်းဆီးခံရသူများဖြစ်သည့် အသက် ၄၂ နှစ်အရွယ် ကိုမြတ်ကိုကိုနှင့် ဆယ်ကျော်သက်အရွယ် သားဖြစ်သူတို့မှာ မြိတ်ဒေသခံများ ဖြစ်ကြပြီး သစ်လုပ်ငန်းလုပ်ကိုင်နေကာ တနင်္သာရီမြို့နယ်အတွင်းရှိ အေးသာယာရွာသစ်တွင် မိသားစုလိုက် အခြေချ ပြောင်းရွေ့နေထိုင်ကြခြင်း ဖြစ်သည်။
အဖမ်းခံရသည့် သားအဖနှစ်ဦးသည် နှစ်ပေါင်းများစွာကပင် သစ်တင်ပို့သည့် အလုပ်ကို လုပ်ကိုင်နေခြင်းဖြစ်ပြီး စစ်အာဏာ သိမ်းပြီးကာလများနှင့် တိုက်ပွဲများ အကြားတွင်လည်း ပုံမှန်ဖြတ်သန်းသွားလာနေသူများ ဖြစ်ကြ ကြောင်း ရွာသားများက ဆိုသည်။
ဖမ်းဆီးခံရသည့် ကိုမြတ်ကိုကိုတို့ သားအဖ ၂ဦးကို မြိတ်လေတပ်စခန်းကို ခေါ်ဆောင်သွားသည်ဟု သိရှိရပြီး လက်ရှိအချိန်ထိ မိသားစုဝင်များနှင့် တွေ့ဆုံခွင့် မရရှိသေးဘူးဟု ဆိုသည်။
ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့ကလည်း ကြေးနန်းတိုင်တံတား စစ်ဆေးရေးဂိတ်တွင် မြိတ်ဘက်မှ တနင်္သာရီ မြို့နယ်၊ မော်တုန်းကျေးရွာများဘက်သို့ ကုန်ပစ္စည်း ပို့ဆောင်နေသည့် ကုန်ကားတစ်စီးနှင့် အမျိုးသားနှစ်ဦး ဖမ်းဆီးခံခဲ့ရပြီး လက်ရှိအချိန်ထိ ပြန်မလွတ်သေးကြောင်း မော်တုန်းရွာသားများက ပြောသည်။
မတ်လအတွင်းမှာပင် ကြေးနန်းတိုင်တံတား စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ဆန်အိတ် တင်ဆောင်လာခြင်း ကြောင့် ဖမ်းဆီးခံထားရသည့် ကုန်ကား ၅ စီးထက် မနည်းရှိနေပြီး ကားသမားများပါ ဖမ်းဆီးခံရသည်။
အဆိုပါ ကားသမားများလည်း ယနေ့အချိန်ထိ ပြန်လည်လွတ်မြောက်ခြင်း မရှိသေးဟု နီးစပ်သူများက ပြောသည်။