ငလျင်ဒဏ်သင့် အင်းလေး ပြန်လည်ထူထောင်ရေး အကူအညီလိုအပ်

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မေလ ၁၆ ရက်။ 

ရှမ်းပြည်တောင်ပိုင်းရှိ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် ငလျင်ကြောင့် ပျက်စီးသွားသော နေအိမ်များကို ကန်ရေ မတက်ခင် အပြီးသတ် ပြန်လည်ဆောက်လုပ်နိုင်ရေး အကူအညီများ လိုအပ်နေကြသည်။

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အားပြင်း စစ်ကိုင်းငလျင်ကြောင့် နေအိမ်များ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ သည့် နေရာများထဲ အင်းလေးဒေသလည်း ပါဝင်သည်။

အိုင်ဗီနွေဦး (Ivy New Oo) အဖွဲ့မှ စေတနာ့ဝန်ထမ်း တစ်ဦးက မိုးများမယ် မုန်တိုင်းရှိတာတို့ တောင်ကျရေ တွေ အဝင်များတာ တို့ ဆိုရင်သေချာပေါက် အင်းလေးကန် ရေများတဲ့ အခြမ်းတွေ ရှိလာမယ်ပေါ့လေ ဒါက ရေကြီး တဲ့အပိုင်းက ငလျင် ဘေးထပ်သင့်ထားတဲ့ ဒေသဆိုရင် သေချာပေါက်က ပြန်လည်ထူထောင်ရေး အတွက် အိမ်က အရေးပေါ် အခြေအနေ ဖြစ်နေတယ်။ အိမ်မရှိသေးဘူးဆိုတဲ့ ဒေသခံတွေ အတွက်ကတော့ စိုးရိမ်ရတဲ့ အခြေ အနေလိုမျိုး ဖြစ်တယ်၊ သူတို့နေထိုင်တဲ့ ကိစ္စရပ်မှာလည်း အခက်ခဲတွေ အများကြီး ရှိနိုင်ပါတယ် ဟု ပြော သည်။

ငလျင် လှုပ်ခတ်ပြီး နှစ်လနီးပါး ကြာမြင့်လာသည်အထိ အင်းလေးဒေသတွင် ပြန်လည် ထူထောင်ရေး လုပ်ငန်း များ မပြီးသေးဘဲ ဆက်လုပ်နေကြရသည်ဟု အကူအညီ ပေးနေသူများက ပြောသည်။

ပြင်ဆင်ပြီး နေထိုင်လို့ရသည့် နေအိမ်များကို ပြန်လည် ပြင်ပေးနေသလို လုံးဝပြိုကျပျက်စီးသွားသည့် အိမ်များကို အသစ်ပြန်ဆောက် ပေးနိုင်ရေးလည်း ဦးစားပေး လုပ်နေရသည်ဟု ဆိုကြသည်။

မိုးရာသီ ရောက်လာတိုင်း တောင်ကျ ချောင်းရေတွေ အင်းလေးကန်ထဲ စီးဝင်မှု များပြားလာပြီး ကန်ရေမျက်နှာ ပြင် မြင့်တက်လာသောကြောင့် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းတွေ အမြန်ဆုံးပြီးအောင် လုပ်ဖို့ လိုအပ်နေ တယ်လို့ အကူအညီပေးနေသူများက ပြောသည်။

ညောင်ရွှေ ဒေသခံလူငယ်အဖွဲ့၏ ပြုစုထားသော စာရင်းအရ အင်းလေးဒေသရှိ နန်းသဲ၊ သာလေး၊ ငါးဖယ် ချောင်း၊ ကျွန်းကြီး၊ မင်းချောင်း၊ သပြေပင်၊ အင်းခြံ ကေလာ၊ အင်းတိန်၊ သလဲဦးနှင့် ခေါင်တိုင် ကျေးရွာ အုပ်စု များထဲက ကျေးရွာပေါင်း ၂၀ တွင် အိမ်ခြေ ၁၄၈ ဆောင်က အမြန်ဆုံးပြန်လည် ဆောက်လုပ်ရန် လိုအပ်နေသည် ဟု ဆိုသည်။ 

အဆိုပါ နေအိမ်များ ပြန်ဆောက်လုပ်ရန်အတွက် သစ်နှင့် ဝါးက အဓိက လိုနေပြီး လုပ်အားအတွက် လူအင်အား မလောက်သည့် အခြေအနေမျိုးလည်း ဖြစ်နေသည်ဟု ဒေသခံများက ဆိုသည်။

အိုင်ဗီနွေဦး (Ivy New Oo) အဖွဲ့က စေတနာ့ဝန်ထမ်းတစ်ဦးက အိမ်တွေတင်ပဲ မကဘူး။ အခု လောလောဆယ် ကတော့ လမ်း တံတားတို့ ဘုန်းကြီးကျောင်းတို့ ပြီးတော့မှ ရေသန့်နဲ့ ပတ်သက်တဲ့ အကူအညီတွေပေါ့လေ။ အဲ့လိုမျိုးကတော့လေ ကျမတို့ ချိတ်ဆက်ပြီးတော့မှ တစ်ဦးချင်းစီလာတဲ့ ဟာလိုမျိုးတွေပဲ များတယ်။ အဲဒီ ပုံစံ မျိုးနဲ့ပဲ ဆက်သွားနေတယ်။ လောလောဆယ် အခြေအနေက အကူအညီတွေ လုံးဝ မရှိဘူး ဆိုတာထက် တစ်စ တစ်စနဲ့တော့ တဖြည်းဖြည်းချင်း ဆက်သွားနေတဲ့ကာလ ဖြစ်ပါတယ်။

အင်းလေးကန်ထဲကို နှစ်စဉ် မေလမှ စတင်ပြီး တောင်ကျရေများ စီးဝင်လေ့ရှိပြီး ဇွန်လနှင့် ဇူလိုင်လတွင် ကန်ရေ ပြင်က မြင့်တက်လာလေ့ရှိသောကြောင့် ရေမတက်ခင် အိမ်များ အပြီးဆောက်နိုင်ရေး ဒေသခံများက မျှော်လင့် နေကြသည်။

အခု မေလ တတိယပတ်ထဲမှာလည်း အင်းလေးကန်ရေက ၅ လက်မလောက် တက်နေ ပြီလို့ ဒေသခံတွေက ပြောသည်။ 

ပအိုဝ်းလူငယ် အစည်းအရုံး PYO ၏ ဧပြီလ ထုတ်ပြန်ချက်အရ ကျေးရွာပေါင်း ၂၅ ရွာက နေအိမ် ၃၂၅၅ လုံး ထိခိုက် ပျက်စီးခဲ့ပြီး လူဦးရေ ၁၆,၀၀၀ ကနေ ၂၀,၀၀၀ ကြား ငလျင်ဘေး ရင်ဆိုင်ခဲ့ရသည်ဟု သိရသည်။

ထို့အပြင် ငလျင်ကြောင့် သေဆုံးသူ အယောက် ၁၀၀ နီးပါးလည်း ရှိခဲ့သည်ဟု PYO ၏ စာရင်းတွင် ဖော်ပြထားသည်။