ပြည်သူ့စစ် အသုံးစားရိတ် ပြည်သူများထံမှ ကောက်ခံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇွန် လ ၅ ရက်။ 

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် စစ်အသုံးစရိတ်အတွက် ခြိမ်းခြောက်ငွေကြေး ကောက်ခံနေမှုများ ကြုံနေရသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ဘုရားဖြူနှင့် တီကျစ်ကျေးရွာ အုပ်စုရှိ ကျေးရွာအားလုံးကို စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် အဖွဲ့ (PNA) ပူးပေါင်းတပ်တို့က ယခု ဇွန်လ စစ်အသုံးစရိတ်အတွက် တစ်အိမ် ၂ သောင်းကျပ်နှုန်းဖြင့် ကောက်ခံ နေခြင်း ဖြစ်သည်။

နန်းဆောင်ကျေးရွာတွင် နေထိုင်သည့် အသက် ၅၀ အရွယ် အမျိုးသား တစ်ဦးက အခု ဖယ်ခုံအရှေ့ဖက်ကမ်းမှာ ဖြစ်နေတဲ့ တိုက်ပွဲအတွက်ပေါ့။ ပြည်သူ့စစ် အသုံးစရိတ်အတွက် ပြည်သူကပဲ ထည့်ရမယ်လို့ ပြောထားတယ်။ ဒီတခါကောက်တာက ပြည်သူ့စစ်အတွက်သီးသန့်။ နောက်တစ်ကြိမ် စစ်တပ်အတွက်ထပ်လာမှာ။ စစ်မှုထမ်း ကြရင်လည်း ထပ်ကောက်မယ်လို့ ကြားထားတယ် ဟု ပြောသည်။ 

လက်ရှိ ကျေးရွာအုပ်စု ၂ ခုတွင် ကျေးရွာပေါင်း ၂၀ ကျော်ခန့် ပါဝင်ပြီး ကျေးရွာအုပ်စုတစ်စုစီ၌ ကျပ်သိန်းပေါင်း ၄၀၀ ခန့် ကောက်ခံသွားမည်ဟု အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများက ဆိုသည်။

အဆိုပါ ကျေးရွာအုပ်စုရှိ ကျေးရွာတိုင်းကိုလည်း သက်ဆိုင်ရာ PNA အုပ်ချုပ်ရေးမှူးများက တစ်အိမ်တက်ဆင်း လိုက်လံ ဖိအားပေးနေပြီး မထည့်ဝင်နိုင်သည့် အိမ်ထောင်စုများအား လူမှုအသိုင်းအဝိုင်းမှ ဖယ်ကျဉ်ခြင်းများ ပြုလုပ်နေသည်ဟု ဆိုကြသည်။

ဆည်ခေါင်းကျေးရွာတွင် ခိုလှုံနေသည့် စစ်ဘေးရှောင် တစ်ဦးက မထည့်ရင် တစ်ရွာလုံးက ဖယ်ကျဉ်တာပေါ့။ သာရေး၊ နာရေးဆိုရင် မဖိတ်တော့ဘူး အဲလို။ စစ်ဖြစ်လို့ အိမ်တွေဘာတွေ ပျက်စီးရင်လည်း သူတို့ ထောက်ပံ့ ကြေး မပေးဘူးပေါ့။ မရှိလည်း ချေးငှားပြီး ထည့်ကြတယ် ဟုပြောသည်။

ယခင်လများတွင်လည်း ပင်လောင်းမြို့နယ်ရှိ ကျေးရွာများအား စစ်အသုံးစရိတ် ကောက်ခံခြင်း၊ စစ်မှုထမ်း ကောက်ခံခြင်းများ ပြုလုပ်ခဲ့ပြီး မထည့်ဝင်နိုင်သည့် နေအိမ်များအား ခြိမ်းခြောက်ခြင်း၊ ပိုင်ဆိုင်သည့် မော်တော် ယာဉ်များအား ချောဆွဲ၍ ရှေ့တန်းတွင် အသုံးပြုခြင်းများ ကျူးလွန်ခဲ့ဖူးသည်။

ထို့အပြင် လက်ရှိ မြေပြင် အခြေအနေ၌လည်း ပင်လောင်းမြို့နယ်တွင် ၂ မျဉ်းစောင်း မှတ်ပုံတင် ကိုင်ဆောင် သည့် ကရင်နီလူမျိုးများအား ပြင်းပြင်းထန်ထန် စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။