ဆေးကုသခွင့် တားမြစ်ခံရပြီးနောက် လက်နက်ကြီး ဒဏ်ရာရသူ သေဆုံး 

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၅ ခုနှစ် ဇွန်လ ၅ ရက်။ 

တနင်္သာရီတိုင်း ပြည်ကြီးမဏ္ဍိုင်မြို့က လက်နက်ကြီး ကျည်စ ထိမှန်သူမှာ အချိန်မှီ ဆေးကုသခြင်း မခံရပဲ သေဆုံးသွားသည်ဟု မြို့ခံများက ပြောသည်။ 

တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ လေညာ အနောက်ရပ်ကွက်ရှိ တစ်မိုင်ခွဲကျေးရွာတွင် စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ထိမှန်သည့် အမျိုးသားတစ်ဦးကို စစ်ကောင်စီက ဆေးရုံတက်ခွင့် မပြု၍ တားမြစ်ထားခြင်းကြောင့် အချိန်မှီ ဆေးကုသခွင့် မရဖြစ်ခဲ့သည်။

လူနာမှာ ဆေးရုံသို့ နောက်ကျမှ ရောက်ရှိသွားခဲ့ပြီး သေဆုံးသွားခဲ့သည်ဟု ဒေသခံ တစ်ဦးက ပြောသည်။  

ဒေသခံတစ်ဦးက ဘုတ်ပြင်းဆေးရုံမှာ ဆေးကုသနေရင်းနဲ့ တပတ်ကျော် အကြာ ဇွန်လ ၁ ရက်နေ့မှာ သေဆုံး သွား တယ်၊ ဆုံးသွားချင်းမှာပဲ သူနေခဲ့တဲ့အိမ်ကို ပြန်သယ်လာခဲ့တယ် ဟု ပြောသည်။

အသက် ၅၀ နှစ်အရွယ် ဦးဘိုဟိန်း ဆိုသူ၏ နေအိမ်အနီးသို့ မေလ ၂၂ ရက်နေ့၊ ည ၈ နာရီခွဲ အချိန်ခန့်က လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ကာ ဒဏ်ရာပြင်းထန်စွာ ရသွားခဲ့ခြင်း ဖြစ်သည်။

လက်နက်ကြီးစ ထိမှန်မှုကြောင့် ညာဘက်နားရွက် ပြတ်သွားပြီး ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့သည်။

ထို့ကြောင့် ဒဏ်ရာရထားသည့် ဦးဘိုဟိန်းကို ဘုတ်ပြင်းဆေးရုံသို့ ညတွင်းချင်း ပို့ဆောင်ခဲ့သော်လည်း စစ်ကောင်စီတပ်မှ ခွင့်မပြုခဲ့ခြင်းကြောင့် မေလ ၂၃ ရက်နေ့ နံနက်ပိုင်းရောက်မှသာ ဘုတ်ပြင်းဆေးရုံတင်ခွင့်ခဲ့ရ သည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

ဆေးရုံသို့ အချိန်မှီ တက်ရောက် ဆေးကုသခွင့် မရခဲ့သောကြောင့် ဦးဘိုဟိန်းမှာ ဇွန်လ ၁ ရက်နေ့တွင် သေဆုံးသွားခဲ့သည်။

အလားတူ ဇွန်လ ၁ ရက်နေ့ ည ၉ နာရီ အချိန်ခန့်ကလည်း ပြည်ကြီးမဏ္ဍိုင်မြို့ အတွင်းရှိ စစ်ကောင်စီ ရဲစခန်းမှ ချောင်းမွန်ကျေးရွာ ဘက်သို့  လက်နက်ကြီးဖြင့် ၄ ချက် ပစ်ခတ်ခဲ့သည့်အပြင် လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်ခဲ့ သေးကြောင်း ရွာသားများက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်နေ့ကလည်း ပြည်ကြီးမဏ္ဍိုင်မြို့ပေါ်တွင် စစ်ကောင်စီတပ်၏ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှုကြောင့် ဆယ်တန်းကျောင်းသူတစ်ဦး ဒဏ်ရာရသွားခဲ့သည်။

မေလအတွင်းကလည်း ပြည်ကြီးမဏ္ဍိုင်မြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားခဲ့သေးသည်။