တံတား ကျိုးကျမှုကြောင့် မိုးကုတ်-မန္တလေး-လားရှိုး- မူဆယ် ယာဉ်များ အခက်ကြုံ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၁ ရက်။
တံတား ကျိုးကျမှုကြောင့် မိုးကုတ် – လားရှိုး – မူဆယ် ယာဉ်လိုင်းများ သွားရေးလာရေး အခက်အခဲ ဖြစ်နေကြသည်။
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့အဝင်ရှိ နမ့်ကော်တံတား ကျိုးကျမှုကြောင့် မိုးကုတ် – လားရှိုး – မူဆယ်ယာဉ်လိုင်းများ သွားရေးလာရေး ခက်ခဲလာနိုင်သည်ဟု ယာဉ်လိုင်း တာဝန်ရှိသူများက ပြောသည်။
ဖြတ်သန်းသွားလာခဲ့သည့် ယာဉ်မောင်း တစ်ဦးက “ကွင်းလမ်းက တံတားဘေးတင်ပဲလေ။ ရေထဲကနေ ဖြတ်ရ တာ။ ကုန်ကားကြီးတွေ ဘက်ဖိုးတွေကျရင် အဲဒီအောက်ကနေ သွားခိုင်းတာပေါ့။ အဲဒါကို မသွားတော့ တံတား ပေါ်ကဆို တံတားက ဝိတ်မခံနိုင်ဘူးလေ။ ဝိတ်က ကားကမြင်တဲ့အတိုင်းပဲလေ အဲဒီမှာ နည်းတာမဟုတ်ဘူး” ဟု ပြောသည်။
ကုန်ကားများ ဖြတ်သန်းမှုကြောင့် ဇွန်လ ၂၀ ရက်နေ့၊ နံနက် ၉ နာရီအချိန်ခန့်တွင် ကျိုးကျပျက်စီးခဲ့ခြင်း ဖြစ်ပြီး လက်ရှိ မြေပြင်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲ အခြေအနေများအရ လတ်တလော ပြုပြင်နိုင်ရန် မဖြစ်နိုင်သေးဘူး ဟု ဆိုကြသည်။
လတ်တလော အခြေအနေအရ ကားကြီးများသာ ကွင်းလမ်းမှတဆင့် သွားလာနိုင်ပြီး ကားသေးနှင့် ဆိုင်ကယ် များ ဖြတ်သန်းရန် အန္တရာယ်များသဖြင့် ယာဉ်လိုင်းများ အခက်တွေ့နေခြင်း ဖြစ်သည်။
တံတားကျိုးပြီးနောက် အကျိုးဆက်အနေဖြင့် တံတားအနီးရှိ တစ်မိုင်ကွေ့တွင် ကားအစီးရေ ရာချီ တန်းစီ ပိတ်မိနေသည် ဖြစ်ရာ မြေပြင်တာဝန်ရှိသူများထံသို့ ယာယီတံတား ထိုးပေးရန် တောင်းဆိုထားသည်ဟု ယာဉ် မောင်းများက ဆိုသည်။
ဖြတ်သန်းသွားလာခဲ့သည့် ယာဉ်မောင်း တစ်ဦးက “အရင်နှစ်တွေကျတော့ အဲဒီလမ်းက အသွားလာနည်းတယ် လေ။ အခုဟာက ကျောက်မဲရော၊ လားရှိုးရော၊ မူဆယ်ရော အားလုံးက မန္တလေးကနေသွားတာ။ ကုန်ကား အား လုံးက အဲဒီကနေ သွားနေတာ။ အဲခါကျတော့ ကုန်ကားတွေများတော့ မခံနိုင်တော့ဘူး။ ကွင်းလမ်း လုပ်ထား ပေးလည်း အဲဒီကွင်းလမ်းကနေ မသွားကြလို့ ကုန်ကားတွေက။ အခုအဲဘက်လမ်းက မပြင်နိုင်ဘူးလေ။ တံတား တွေရော၊ လမ်းတွေရော မပြင်နိုင်ဘူး။ အကုန်လုံး တောက်လျှောက်က အဲ့လိုဖြစ်တော့ လမ်းတွေ တော်တော် ပျက်ပါတယ်” ဟု ဆက်ပြောသည်။
နမ့်ကော်တံတား ပျက်စီးမှုကြောင့် မန္တလေး – လားရှိုး – မူဆယ် ယာဉ်လိုင်းနှင့် ကုန်ကားများ အဝင်အထွက် နည်း လာနိုင်ပြီး ကုန်စည်ဝင်ရောက်မှု ကြန့်ကြာခြင်း၊ ခရီးသည်များ လမ်းခရီး အချိန်နှောင့်နှေးခြင်း၊ ရက်ရှည် ပြတ် တောက်ပါက ကုန်စည်များ ဈေးတက်လာနိုင်ခြင်း စသည့်အခက်အခဲများ ရင်ဆိုင်ရဖွယ်ရှိသည်ဟု ယာဉ်မောင်း များက ခန့်မှန်းထားကြသည်။
ကျောက်မဲမြို့နယ်တွင် အင်္ဂလိပ်အစိုးရလက်ထက်က တည်ဆောက်ခဲ့သော တံတားမှာ နမ့်ကော်နှင့် မိုင်းလုံဟူ၍ တံတား ၂ စင်းရှိပြီး မိုင်းလုံတံတားမှာ လက်ရှိချိန်အထိ ခိုင်ခိုင်ခံ့ခံ့ အသုံးပြု၍ ရနေသေးသည်ဟု ဆိုကြသည်။
ကျောက်မဲမြို့နယ်အား လက်ရှိတွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ ထိန်းချုပ်ထား ပြီး စစ်ကောင်စီနှင့် မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။