ကျောက်မဲတိုက်ပွဲအတွင်း အရပ်သား ၁၅ ဦးထက်မနည်း သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃ ရက်။
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို စစ်ကော်မရှင်တပ်ထံ လက်လွှတ်ခဲ့ရသည့် တိုက်ပွဲများအတွင်း အရပ်သားပြည်သူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသတွင်း အရပ်ဘက် အဖွဲ့အစည်းများက ပြောသည်။
ကျောက်မဲမြို့သည် ဩဂုတ်လ ၁၆ ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့အထိ စစ်တပ်၏ ထိုးစစ်ဆင်မှု အပြင်း အထန် ခံခဲ့ရပြီးနောက် စစ်ကော်မရှင်တပ်က မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲကာလအတွင်း စစ်ကော်မရှင်တပ်သည် မြေပြင်ထိုးစစ်အပြင် လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကို အလွန်အကျွံ အသုံးပြုခဲ့ကြောင်း တအာင်းတပ် (TNLA) ဘက်က ဆိုသည်။
TNLA ပြောခွင့်ရသူ လွေးယေဦး ကမူ ၎င်းတို့အနေဖြင့် ကျောက်မဲမြို့ကို လက်လွှတ်ခဲ့ရခြင်းသည် အဓိက အားဖြင့် စစ်ကောင်စီ၏ လက်နက်ခဲယမ်းနှင့် တပ်သားအင်အား အလွန်အကျွံသုံးစွဲမှု၊ ပြည်သူ့စစ်မှုထမ်းများကို အသုံးချမှု တို့အပြင် တရုတ်နိုင်ငံ၏ ဖိအားပေးမှုများကြောင့်ဟု ဆိုသည်။
ထို့အပြင် TNLA ဘက်တွင် လက်နက်ခဲယမ်းနှင့် တပ်သားအင်အား ကန့်သတ်ချက်များ ရှိလာခြင်းကြောင့် ဖြစ်ကြောင်း လွေးယေဦးက ပြောသည်။
နောင်ချိုဘက်မှ ထိုးစစ်ဆင်လာသော ခြေမြန်တပ်မ ၁၁၊ ၅၅ နှင့် ရမခ လက်အောက်ခံ စကခ ၁ တပ်ဖွဲ့ဝင်များက ဩဂုတ်လလယ်မှစ၍ ကျောက်မဲမြို့နယ်ထဲက ထန်းတပင်ရွာကို စတိုက်ပြီး ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်သည်။
စက်တင်ဘာလ ၁ ရက်နေ့တွင် စစ်ကောင်စီတပ်သည် မြို့မရဲစခန်းအပါအဝင် ရပ်ကွက် ၉ ခုလုံးကို ပြန်လည် ထိန်းချုပ်ခဲ့သည်။
သို့သော်လည်း ကျောက်မဲ – နမ့်ဆန် အထွက်ရှိ ခမရ ၅၀၆၊ ၅၀၇ နှင့် စကခ ၁ စခန်းများကိုမူ TNLA က ဆက်လက် ထိန်းချုပ်ထားဆဲ ဖြစ်သည်။