အာဏာသိမ်းချိန်နောက်ပိုင်းမှစ၍ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု အနည်းဆုံး ၁၀၀၀ နီးပါး ဖြစ်ပွားခဲ့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၁ ရက်။  

နိုင်ငံ တစ်ဝှမ်းတွင် အာဏာသိမ်းကာလအတွင်း ပဋိပက္ခနှင့် ဆက်နွယ်သည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ပေါင်း ၉၆၃ မှု ဖြစ်ပွားခဲ့သည်ဟု အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က ပြောသည်။

စစ်တပ်က အာဏာသိမ်းရန် ကြိုးပမ်းသည့် အချိန်မှစ၍ ယခုနှစ် မေလအထိ (WLB) မှ ကောက်ယူထားသည့် စာရင်းများအရ Rape case (မုဒိန်းမှု) ၁၈၃ မှု၊ Sexual & Gender-Based Violence (SGBV) – လိင်ပိုင်း ဆိုင်ရာ နှင့် ကျားမ အခြေပြု အကြမ်းဖက်မှု ၇၅၈ မှု၊ General Gender-Based Violence (GBV) အထွေအထွေ ကျား၊မ အခြေပြု အကြမ်းဖက်မှု ၈၈ မှု တို့ဖြစ်ခဲ့သည် ဟု ဆိုသည်။

အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ၏ Political Initiative အဖွဲ့ဝင် နော်ဆဲဆဲက အထူးသဖြင့် စစ်အာဏာ စသိမ်းတဲ့ အချိန်ကစပြီးတော့ပေါ့နော် ၂၀၂၅ ထိဆိုရင် ကျမတို့ WLB ကနေ ကောက်ခံထားတဲ့ အမှုဆိုရင် ၉၆၃ မှုပေါ့နော်။ ဒါပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ပေါ့နော်။ ဒါတောင်မှ ကျမတို့ WLB အဖွဲ့ဝင်တွေက သူ့နယ်မြေမှာ သူကောက်ခံတဲ့ နယ်မြေလောက်ပဲ ကျမတို့ ကောက်ခံထားတာ ဖြစ်တယ် ပေါ့နော်ဟု ပြောသည်။

ပဋိပက္ခနှင့် ဆက်နွယ်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများသည် ကရင်နီပြည်တွင် အများဆုံး ဖြစ်ပွားခဲ့ပြီး ၃၆၅ မှု ဖြစ်ခဲ့သည်ဟု WLB က ဆိုသည်။ 

ထို့အတူ စစ်ကိုင်းတိုင်းတွင် ၃၄၉ မှု၊ ရှမ်းပြည်တွင် ၁၀၂ မှု၊ ကချင်ပြည်တွင် ၄၀ မှု၊ တနင်္သာရီတိုင်းတွင် ၂၇ မှု၊ ချင်းပြည်တွင် ၁၉ မှု၊ ရန်ကုန်တိုင်းတွင် ၆ မှု၊ ကရင်ပြည်တွင် ၃ မှု၊ ရခိုင်ပြည်တွင် ၃ မှု၊ နေပြည်တော်တွင် ၂ မှု၊ မန္တလေးတိုင်းတွင် ၁ မှုနှင့် မကွေးတိုင်းတွင် ၁ မှု ရှိသည်ဟု WLB က စာရင်းကောက်ယူ ရရှိခဲ့သည်။

WLB မှ စာရင်း ကောက်ယူနိုင်ခြင်း မရှိဘဲ ပဋိပက္ခနှင့် ဆက်နွယ်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများစွာ ရှိကြောင်းကို နော်ဆဲဆဲက ယခုကဲ့သို့ ဆက်ပြောသည်။

တစ်ချို့သော အမှုတွေဆိုရင် မိသားစုတွေကို ခြိမ်းခြောက်တာတို့ အထူးသဖြင့် ကျူးလွန်ခံရသူတွေကို ခြိမ်းခြောက်တာတို့ ပြီးလို့ရှိရင်လည်း ဘယ်နေရာမှာ တင်ပြရမလဲ ဖွင့်ပြောရမလဲဆိုတဲ့ ယန္တရားမရှိတာတို့ အင်တာနက် အခက်အခဲတို့  ဒါမျိုးတွေကြောင့် အမှုကိစ္စရပ်တွေ ပျောက်သွားတာတို့ ဒီအမှုတွေကို မှတ်တမ်း မတင်ရတာတို့လည်း အများကြီး ရှိသေးတယ်ပေါ့နော်။

စစ်ကောင်စီတပ်သည် အသက်မပြည့်သေးသည့် မိန်းကလေးငယ်များ၊ လူနည်းစု အမျိုးသမီးများ၊ သက်ကြီးရွယ် အို အမျိုးသမီးများ နှင့် LGBTQIA+ လိင်စိတ်ခံယူမှု ကွဲပြားသူတို့အား ပစ်မှတ်ထားပြီးအဓမ္မပြုကျင့်မှုကို စစ်လက်နက်ကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေသည်ဟုလည်း WLB က ဆိုသည်။