လမ်းကင်းစောင့် တပ်သား နှစ်ဦး ဘက်ပြောင်း ခိုလှုံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်။ 

တနင်္သာရီမြို့နယ်အတွင်း လမ်းကင်းစောင့် တပ်သားနှစ်ဦး လက်နက်နှင့် အတူ ဘက်ပြောင်းခိုလှုံလာသည်ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ အောက်ကင်းကျေးရွာ အခြေစိုက် စစ်ကောင်စီ၏ အမှတ် ၅၅၇ ခြေမြန်တပ်ရင်းမှ လမ်းကင်း တာဝန်ကျ စစ်ကောင်စီ တပ်သားနှစ်ဦး ထွက်ပြေးလာပြီး တနင်္သာရီ ပြည်သူ့ကာကွယ်ရေး အဖွဲ့ ဇုန် – ၅ ထံသို့ လက်နက်နှင့်အတူ ဘက်ပြောင်းခိုလှုံခဲ့သည်ဟု ပကဖ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက လမ်းကင်း တာဝန်ကျနေတဲ့ အချိန်မှာ ပကဖ အဖွဲ့နဲ့ ဆက်သွယ် ချိတ်ဆက်ပြီး ထွက်ပြေးလာကြတာပါ၊ သူတို့ကို စစ်ကောင်စီက ဖမ်းဆီးပြီး အဓမ္မစစ်မှုထမ်း ဖို့ သင်တန်းကို ပို့ခဲ့တာလို့ ပြောပြတယ် ဟု ပြောသည်။

စစ်ကောင်စီ ယာဉ်တန်း ဖြတ်သန်းရန်အတွက် ဘန်းလမွတ်နှင့် ပနပ်ငယ်ကျေးရွာ အကြား တွင် ဇွန်လ ၁၉ ရက်နေ့က လမ်းကင်းတာဝန်ကျချိန် လက်နက်နှင့်အတူ ထွက်ပြေးလာကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ ဘက်ပြောင်း ခိုလှုံလာခြင်း ဖြစ်သည်။ 

ထွက်ပြေးလာသူ နှစ်ဦးသည် MA-3 သေနတ်နှစ်လက်၊ ကျည်ဘောက် ၉ ခုနှင့် ကျည် ၂၄၀ တောင့်ကို ယူဆောင် လာသည်ဟု တနင်္သာရီ ပြည်သူ့ကာကွယ်ရေး အဖွဲ့က ထုတ်ပြန်ထားသည်။ 

ဘက်ပြောင်း ခိုလှုံလာသူနှစ်ဦးမှာ ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် အမှတ် ၁ ဂျိုးဖြူ စစ်သင်တန်း လေ့ကျင့်ရေး ကျောင်းမှ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ နှင့် အပတ်စဉ် ၉ သင်တန်းသားများ ဖြစ်ကြကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။ 

သင်တန်းကျောင်းတွင် သင်တန်း နှစ်လခွဲအကြာ တက်ရပြီးနောက် ဘုတ်ပြင်းမြို့နယ် စကခ ၁၃ တွင် မွမ်းမံသင် တန်း နှစ်ပတ် ထပ်မံတက်ခဲ့ရသေးကြောင်း တနင်္သာရီ-ပကဖ တာဝန်ရှိသူက ဆိုသည်။ 

ထို့နောက် မြိတ်မြို့ အမှတ် ၁၀၃ ခြေလျင်တပ်ရင်းတွင် နှစ်ရက်အကြာ နေထိုင်ခဲ့ရပြီး တနင်္သာရီမြို့နယ် အောက် ကင်းကျေးရွာ အခြေစိုက် ခမရ ၅၅၇ တပ်တွင် တာဝန်ထမ်းဆောင်ခဲ့ရခြင်း ဖြစ်သည်။