တောင်ကြီး ပင်စင်စားများ လစာထုတ်ရန် အခက်ကြုံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၀၈ ရက်။ 

စမတ်ကတ် မရှိသောကြောင့် တောင်ကြီးမြို့မှ သက်ကြီး အငြိမ်းစားများ ပင်စင်လစာထုတ်ရန် အခက်တွေ့ နေကြသည်။ 

ရှမ်းပြည်၏ မြို့တော်၊ တောင်ကြီးမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် အသက် ၈၀ ကျော်အရွယ် အငြိမ်းစား ဝန်ထမ်းများအား စမတ်ကတ် မပါရှိဟုဆိုကာ ပင်စင်လစာ ထုတ်မပေးသဖြင့် ၎င်းတို့မှာ စမတ်ကတ်ပြုလုပ်ရန် အတွက် စုပေါင်းရုံးတွင် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေရသည်ဟု ဆိုသည်။

တောင်ကြီးမြို့ရှိ အငြိမ်းစား ဝန်ထမ်းတစ်ဦး၏ မိသားစုဝင် တစ်ဦးက အသက် အနည်းဆုံး ၇၀ ကျော်တွေက တံခါးဝမှာ တန်းစီနေကြတာ။ တုန်တုန်ရီရီ လေဖြတ်တာတွေလည်း ပါတယ်။ စောင့်ရတာ ၂ နာရီ ကျော်ကျော် လောက်။ အဲဒါပြီးရင်လည်း ကိစ္စက မပြီးသေးဘူး။ မှားတယ်ဆိုရင် သက်ဆိုင်ရာရုံးတွေ အဆင့်ဆင့် ပြန်သွားရ တယ်။ဟု ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ မြန်မာ့စီးပွားရေးဘဏ်မှ ဇူလိုင်လအတွင်း၌ အငြိမ်းစားဝန်ထမ်းများကို စမတ်ကတ် ပါရှိမှသာ ပင်စင်လစာထုတ်ပေးတော့မည်ဟု ကြေညာထားသည်။

ဇွန်လ ၂၄ ရက်နေ့၌ နိုင်ငံအဝန်းရှိ မြန်မာ့စီးပွားရေး ဘဏ်များတွင်စမတ်ကတ် QR ကုဒ်ပြနိုင်မှသာ ပင်စင်လစာ ထုတ်ပေးတော့မည်ဟု ကြေညာပြီးနောက် တောင်ကြီးမြို့တွင် ဇွန်လ ၂၃ ရက်နေ့ တစ်ရက်တည်းသာလျှင် လုပ်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

တောင်ကြီးမြို့က အငြိမ်းစားဝန်ထမ်း အမျိုးသမီးတစ်ဦးက အစက သူတို့ပြောတာတော့ နိုင်ငံခြားသွားမယ့်လူမှ လိုတာတဲ့။ အခုကျတော့မှ ပင်စင်သမားတွေပါ လုပ်ရမယ်ဆိုတော့ ရောဂါသည်တွေက ဘယ်လိုခေါ်ရမလဲ။ အရင်လကလည်း လူကြီးလာလို့သာ အဲနေ့တစ်ရက်တည်း လုပ်ပေးတာ။ နောက်ပိုင်း လုပ်တဲ့သူတွေက ကိုယ့် ကိုယ် စီစဉ်ရမှာဟု ပြောသည်။

တောင်ကြီးမြို့၊ မြန်မာ့ စီးပွားရေးဘဏ်တွင် စမတ်ကတ် မပါသည့် အငြိမ်းစား ဝန်ထမ်းများအား ၃ ရက်အတွင်း ပြုလုပ်ကြရန် ညွှန်ကြားထားသည်ဖြစ်ရာ လက်ရှိတွင် သက်ကြီးရွယ်အိုများမှာ ပင်စင်လစာ မထုတ်ယူနိုင်သေး ပဲ ရှိနေကြသည်။ 

တောင်ကြီးမြို့ရှိ ပင်စင်ကိုယ်စား ထုတ်ယူခဲ့သူ တစ်ဦးက အရင်က ကိုယ်စားထုတ်မယ်ဆို လွှဲပြောင်းစာ ရုံးမှာ အဆင့်ဆင့် ယူရတယ်။ အခုက လွှဲစာရရင်လည်း ကံယာကံရှင်ရဲ့ စမတ်ကတ်မပါရင် မရဘူး။ အဖေကလည်း အိပ်ယာထဲလဲနေတော့ သွားလို့ မရဘူး။ ရုံးကလည်း စုရပ်တစ်ခု သတ်မှတ်ပြီး လုပ်ပေးတာ မရှိဘူး ဟု ပြောသည်။

လက်ရှိ စမတ်ကတ် ပြုလုပ်နေသည့် အငြိမ်းစားဝန်ထမ်းများမှာလည်း မှတ်ပုံတင် အချက်အလက်၊ သန်းခေါင် စာရင်းနှင့် မကိုက်ညီဟု ဆို၍ မြို့နယ်ရုံးများအထိ အဆင့်ဆင့် သွားရခြင်း၊ လူအခြေအနေကြည့်ပြီး ငွေကျပ် သိန်းဂဏန်းအထိ တောင်းခံခြင်းများ ကြုံတွေ့နေကြရသည်။

ထို့အပြင် ယခု ဇူလိုင်လ ၄ ရက်နေ့မှစ၍ E-ID စနစ် ဆာဗာပြင်ဆင်ခြင်း ပြုလုပ်နေသဖြင့် စမတ်ကတ်ပြုလုပ် ခြင်း ယာယီရပ်ဆိုင်းထားသည်ဖြစ်ရာ သက်ကြီး အငြိမ်းစားဝန်ထမ်း အချို့မှာလည်း ပင်စင်လာစာ မထုတ်ယူ နိုင်သေးဘူးဟု ၎င်းတို့ မိသားစုဝင်များက ဆိုကြသည်။

စစ်ကောင်စီ လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန (လဝက)မှ ရပ်ဆိုင်းထားသည့် ကာလအတွင်း အငြိမ်းစားဝန်ထမ်းများ အတွက် ဦးစားပေး လုပ်ဆောင်သွားမည်ဟု ကြေညာထားသော်လည်း လက်ရှိကာလ၌ အကောင်အထည် မဖော်နိုင်သေးဘူးဟု တောင်ကြီးမြို့ရှိ ပင်စင် ကိုယ်စား ထုတ်ယူသူများကြား တွင် ပြောဆိုနေကြသည်။