ဖားဆောင်းမြို့နယ် ရွာတရွာတွင် ဗုံးကြဲမှုကြောင့် ကလေးအပါအဝင် ၅ ဦး သေဆုံး 

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်။ 

ကရင်နီပြည် ဖားဆောင်းမြို့နယ်ထဲက ကျေးရွာတစ်ရွာအား စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ကလေးအပါအဝင် အရပ်သား ၅ ဦး သေဆုံးခဲ့သည်။

ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသအတွင်းက လိုလော်ထီးကျေးရွာကို ဇူလိုင်လ ၉ ရက်နေ့၊ ည ၇ နာရီခွဲ အချိန်ခန့်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင် စီ (IEC) က ပြောသည်။

စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများ နေထိုင်ရာ နေရာ၊ ကျေးရွာများသို့ လေကြောင်း တိုက်ခိုက်မှုကြောင့် လူအစုလိုက် အပြုံလိုက် သေဆုံးမှုများ ဖြစ်စေသည့်အပေါ်  (IEC) အတွင်း‌ရေးမှူး-၂ ဦးဗညား က ယခုကဲ့သို့ တောင်းဆိုသည်။

”စစ်ကောင်စီရဲ့ လေယာဉ်ဆီ တင်သွင်းမှုကို နိုင်ငံတကာကနေ ဒီထက်မက ဒဏ်ခတ်မှုတွေ လုပ်ဖို့အတွက် နောက် ပြီးတော့မှ စစ်ကောင်စီကို လေယာဉ်ဆီ တင်ပို့နေတဲ့ ကုမ္ပဏီတွေကို ဥပဒေကြောင်းအရ အပြစ်ပေး အရေးယူ နိုင်ဖို့ တရားစွဲဆိုနိုင်ဖို့ပေါ့နော်။ အထူးသဖြင့် လူသားမျိုးနွယ်စုတွေ အပေါ်  စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်ကောင်စီကို ပံ့ပိုးနေတဲ့အတွက် သူတို့မှာလည်း တာဝန်ရှိတဲ့ အတွက်ကြောင့်မို့လို့ အဲ့ဒီ ကုမ္ပဏီတွေကိုတရား ဥပဒေကြောင်းအရ အပြစ်ပေး အရေးယူဖို့အတွက် ကနဦး တောင်းဆိုလိုတယ်။”

လိုလော်ထီးကျေးရွာကို စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ပေါင် ၅၀၀ ဗုံးဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဗုံးကြဲ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူများမှာ အသက် ၃ နှစ်အရွယ် နော်ဝါးစတီးဖိုး၊ အသက် ၈ နှစ်အရွယ် နော်အဲ့အယ် နှင့် အခြား မိသားစုဝင် ၃ ဦးတို့ ဖြစ်ကြသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူ ၆ ဦးရှိသည့်အနက် အပြင်းအထန် ဒဏ်ရာရရှိသူ အမျိုးသမီး တစ်ဦးနှင့် အသက် ၁၈ နှစ်အောက်ကလေး ၃ ဦးတို့ ပါဝင်သည်။

ထို့အတူ ဒေသခံ နေအိမ် ၆ လုံး၊ ဘုရားကျောင်းဆောင်၊ ဆုတောင်းအိမ် နှင့် အသင်းတော်ရိပ်သာတို့လည်း ထိမှန် ပျက်စီးခဲ့သည်ဟု ဆိုသည်။

ဦးဗညားက စစ်လက်နက်တွေကို ရောင်းဝယ်တာ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ရောင်းဝယ်တဲ့ နိုင်ငံတွေ ကို ပိုပြီးတော့ ဖိအားပေးတာတွေ ရောင်းဝယ်တဲ့ ကုမ္ပဏီကို တရားစွဲဆိုပြီးတော့မှ အရေးယူ ပိတ်ဆို့မှုတွေ လုပ် ဖို့အတွက်ကိုလည်း တောင်းဆိုလိုတယ်” ဟု ဆက်ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့တုန်းကလည်း မော်ချီးဒေသအတွင်းရှိ ခဲကျင်းလုပ်ကွက်များ ရှိနေသည့် နေရာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ခဲကျင်းလုပ်သား အပါအဝင် ဒေသခံ ၇ ဦး သေဆုံးခဲ့ ပြီး အယောက် ၂၀ ခန့် ထိခိုက်ဒဏ်ရာ ရခဲ့သည်။

စစ်ကောင်စီတပ်က မော်ချီးဒေသအား ယခုနှစ် မတ်လမှ ဇူလိုင်လအထိ ကာလအတွင်း လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှု ၇ ကြိမ်ရှိခဲ့ပြီဟု ကရင်နီ အရပ်ဘက် အဖွဲ့အစည်းများ၏ စာရင်များအရ သိရသည်။