မွန်တွင် စစ်မှူထမ်း သစ်စုဆောင်းမှု အရှိန်မြှင့်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်။
စစ်မှုထမ်း အပတ်စဉ် (၁၅) အတွက် စစ်ကောင်စီတပ်က မွန်ပြည်ထဲတွင် နည်းလမ်းမျိုးစုံဖြင့် အတင်း အဓမ္မ စစ်သား စုဆောင်းမှုကို အရှိန် မြှင့်လုပ်လာနေသည်ဟု မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) က ပြောသည်။
မွန်ပြည်၏ မြို့တော် မော်လမြိုင်တွင် ယာဉ်စည်းကမ်း ချိုးဖောက်မှုနှင့် လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုများ လုပ်ချိန်၌ စစ်မှုထမ်းအတွက် လူငယ်များကို တစ်ပါတည်း ဖမ်းဆီးသွားခြင်းများ လုပ်နေသည်ဟု မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) တာဝန်ရှိသူ နိုင်အဲမွန်က ပြောသည်။
“ယာဉ်စည်းကမ်း ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီးတော့ ကျူးလွန်တဲ့ ကိစ္စရပ်တွေမှာ ဆိုလို့ရှိရင် လူငယ်တွေပါ ဖမ်းလိုက်တာတွေ ရှိတယ်။ ဥပမာ ဆိုလို့ရှိရင် ဒီဆိုင်ကယ်ရော လူရော ဖမ်းလိုက်တဲ့ ကိစ္စတွေ ရှိလာတယ်။ အဲ့ဒါ ဘယ်လိုသွားဖြစ်လဲ ဆိုရင် အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်အတွင်း သူတို့ လိုချင်တဲ့ အသက် အကန့် အသတ် ထဲမှာရှိတဲ့ ကလေးတွေ ဆိုလို့ရှိရင် ဖမ်းလိုက်တယ်။”
ဇွန်လအတွင်း မော်လမြိုင်မြို့တွင် ယာဉ်စည်းကမ်း ချိုးဖောက်မှုနှင့် လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးခံခဲ့ရသည့် အမှုပေါင်း ၅၀ ကျော်ရှိသည်ဟု နိုင်အဲမွန်က ပြောသည်။
နိုင်အဲမွန်က “ဖမ်းပြီးတော့ ဆိုင်ကယ်ရော လူရော ဖမ်းလိုက် တယ်။ ဆိုင်ကယ်သိမ်းတယ် လူဖမ်းတယ်ပေါ့နော်။ အဓိက က လူကို ဦးတည်ပြီး ဖမ်းတဲ့ ကိစ္စရပ်တွေက များလာတယ်။ ဆိုလိုတာက ဒီစစ်မှုထမ်းနဲ့ ပတ်သက်ပြီး တော့ သူတို့ မရမက လူအင်အားတွေလိုအပ်ချက်တွေကို ဖြည့်တင်းနေတဲ့သဘော သက်ရောက်နေတယ်” ဟု ဆက် ပြောသည်။
ထို့အပြင် ညအချိန်မတော် အပြင်ထွက်လည်သည့် လူငယ်များ၊ သံသယဖြင့် ဖမ်းဆီးခံရသူများနှင့် မူးယစ် ဆေးဝါး သုံးစွဲသည့် လူငယ်များကို ဆီး စစ်ကာ အမှုဖွင့်ပြီး စစ်မှုထမ်းရန် ပို့ဆောင်ခြင်းများလည်း ရှိနေသည်ဟု နိုင်အဲမွန် က ဆက်ပြောသည်။
“မူးယစ်ဆေးဝါးကို သံသယ ဖြစ်ပြီးတော့ ဖမ်းစစ်လိုက်တယ်။ ဆီးတွေ စစ်လိုက်ပြီးတော့ အဲ့မှာ မူးယစ်ဆေးဝါး သုံးစွဲနေတဲ့ ဆိုတဲ့ အဖြေတွေ့လို့ရှိရင် လူရော အဲ့ဒီအမှုပါ တပ်လိုက်တယ်။ ပြီးရင် လူကို စစ်မှုထမ်း နည်းစပ်ရာ တပ် စစ်စခန်း၊ တပ်စခန်း ဌာနချုပ်တွေ၊ တပ်ရင်း တပ်စခန်းတွေ ပို့လိုက်တယ်။ ပို့ပြီးတော့ အဲ့လိုမျိုး အဓမ္မ သွတ်သွင်းတဲ့ နည်းမျိုးစုံတွေ သုံးပြီးတော့ ကျနော်တို့ စစ်ကောင်စီကတော့ ဒီစစ်သားတွေကို အဓမ္မ စုဆောင်း နေတာကို တွေ့ရတယ်။”
မော်လမြိုင်မြို့ အပါအဝင် မွန်ပြည်ရှိ ပေါင်၊ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်မရော၊ ရေး နှင့် ကျိုက်ထိုမြို့နယ်ထဲတို့တွင် ထိုဖြစ်ရပ်များ ဖြစ်ပေါ်နေပြီး ဧပြီလမှ စတင်ကာ ဇွန်လကုန်အထိ ကာလအတွင်း ဖမ်းဆီးမှုက ပို၍ များလာသည် ဟု (HURFOM) က ဆိုသည်။
မွန်ပြည်အတွင်း အဓမ္မ စုဆောင်းခံရသည့် လူငယ်အများစုကို သံဖြူဇရပ်မြို့နယ်၊ ဝဲကလီကျေးရွာ အခြေစိုက် အမှတ် (၄) တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်းသို့ ပို့ဆောင်လေ့ရှိပြီး အချို့ကို သထုံ၊ ကျိုက်မရောနှင့် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ လေ့ကျင့်ရေး ကျောင်းများသို့ ပို့ဆောင်နေကြောင်း နိုင်အဲမွန်က ဆိုသည်။
သင်တန်းဆင်းပြီးနောက် ၎င်းတို့ကို မွန်ပြည်နှင့် ကရင်ပြည်သို့ မပို့ဘဲ တိုက်ပွဲများ ပြင်းထန်နေသည့် ရှမ်းပြည် မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းနှင့် မြန်မာပြည် အလယ်ပိုင်းဒေသများရှိ ရှေ့တန်း စစ်မြေပြင်များသို့ ပို့ဆောင်နေ သည့် အချက်အလက်များ ရရှိထားသည်ဟု (HURFOM) က ဆိုသည်။
ဓါတ်ပုံ – မွန်ပြည် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နှင့် စစ်မှုထမ်း သင်တန်းသားသစ်များ (ပုံဟောင်း)