TikTok တွင် ဝါဒဖြန့် လှုံ့ဆော်မှုဖြင့် အမျိုးသမီး တစ်ဦး ဖမ်းဆီးခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။|
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်။ 

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် TikTok လူမှုကွန်ရက် စာမျက်နှာပေါ်၌ လှုံ့ဆော်ဝါဒဖြန့်သည်ဟု ဆိုကာ ရေးမြို့ခံ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်ဟု မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) အဖွဲ့ တာဝန်ရှိသူက ပြောသည်။

ရေးမြို့နယ်၊ ရန်ကြီးအောင်ရပ်ကွက်နေ မယမင်း (ခ) လင်း ဆိုသည့် အမျိုးသမီးကို စစ်ကောင်စီတပ်က သူမ၏ Tiktok အကောင့်ဖြစ်သည့် ‘yaminlove’ မှတစ်ဆင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) တို့အတွက် လှုံဆော်ဝါဒဖြန့်သည်ဟု ဆိုကာ ဇူလိုင်လ ၂၁ ရက်နေ့၊ ညနေ ၃ နာရီအချိန်ခန့်တွင် ဖမ်းဆီးသွားခြင်း ဖြစ်သည်။

မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) အဖွဲ့ ဒါရိုက်တာ နိုင်အဲမွန်က မယမင်းကိစ္စကတော့ စစ်ကောင်စီက လွတ်လပ်စွာ ပြောဆိုရေးသား ထုတ်ဖော်ခွင့်ကို တင်းကျပ်စွာ ပိတ်ပင်ထားတာတော့ ကြာပြီ။ အမြဲတမ်းပဲ မွန်ပြည်နယ်ထဲမှာဆို သေချာစောင့်ကြည့် လေ့လာတယ်။ အုပ်စုတွေ ဖွဲ့ထားပြီးတော့မှ သူတို့ သေ ချာစိစစ်တယ်ပေါ့နော်။ အဲ့လို သေချာစိစစ်တာကြောင့်ပဲ အခုလို ကိုယ့်နိုင်ငံရေးအရ ယုံကြည်ရာ ဒါမှမဟုတ် လူမျိုးရေးအရ ပေါ့နော် ကိုယ်ယုံကြည်ရာ ထုတ်ဖော်ပြောဆိုတဲ့ အချိန်မှာ ချက်ချင်း အရေးယူဆောင်ရွက်တဲ့ ကိစ္စ ပိုများလာတယ် ဟု ပြောသည်။

ဖမ်းဆီးခံရသည့် မယမင်း (ခ) လင်း ကို လက်ရှိ ရေးမြို့မရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး နိုင်ငံတော် အကြည်ညို ပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ဒေသခံ သတင်း အရင်းအမြစ်ထံမှ သိရသည်ဟု HURFOM က ဆိုသည်။ 

မွန်ပြည်တွင် စစ်တပ်က အာဏာသိမ်းသည့် အချိန်မှစတင်၍ ယနေ့အထိ လူမှုကွန်ရက် စာမျက်နှာများတွင် လှုံဆော်ဝါဒဖြန့်သည်ဟုဆိုကာ အရပ်သား ၃၅ ဦးကို ဖမ်းဆီးခဲ့သည်ဟု နိုင်အဲမွန်က ဆက်ပြောသည်။

ဒီမွန်ပြည်နယ်မှာ ဒီနှစ်အတွင်းမှာပဲ ဆိုလို့ရှိရင် ၄ ယောက်ရှိတယ်။ ဒီဖြစ်ရပ်တွေက တစ်နှစ် ထက်တစ်နှစ် တိုး တိုးလာတယ်။ ၂၀၂၁ ခုနှစ်ကနေ အခု ၂၀၂၅ ဇူလိုင် လလောက်အထိမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်က ၃၅ ခုလောက်ရှိပြီ။ ဒါမွန်ပြည်နယ်ထဲမှာနော်။ ဆိုတော့ ဖြစ်စဉ်တိုင်းက ကြီးလေးတဲ့ ပုဒ်မတွေ တပ်ပြီးတော့ ၄ နှစ်ကနေပြီးတော့ ၁၂ နှစ်လောက်ထိ ထောင်ဒဏ်ချတဲ့ ကိစ္စတွေရှိလာတယ်။ အဲ့တော့ စိုးရိမ်ရတယ်။

လူ့အခွင့်အရေး တစ်ရပ်ဖြစ်သည့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို စစ်ကောင်စီတပ်က အာဏာသိမ်းချိန်မှ စ၍ ချိုးဖောက်မှာ ပိုဆိုးဝါးလာခဲ့ပြီး အရပ်သား ပြည်သူများအား ဖမ်းဆီး အရေးယူမှုများ လုပ်ဆောင်နေသည့် အပေါ်  နိုင်ငံတကာ အသိုင်းအဝန်းကို နိုင်အဲမွန်က ယခုကဲ့သို့ ပြောသည်။

ဒီမြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေထဲမှာ အခုလိုမျိုး လွတ်လပ်စွာထုတ်ဖော် ပြောဆို ရေးသားခွင့်တွေ  နိုင်ငံရေးအရ ရပ်တည်ခွင့် အပါအဝင် မတရားသဖြင့် စစ်မှုထမ်းနေတဲ့ ကိစ္စတွေ နောက်တစ်ခု က လူသားဒိုင်းတွေ အသုံးပြုလာတဲ့ကိစ္စတွေ ကတကယ့်ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ် တယ်ဆိုတဲ့ ကိစ္စကိုပြောချင်တယ်။ သူတို့ချိုးဖောက်မှုတွေက အစီအစဉ်တကျ ဖြစ်တယ် ဆိုတာကို နိုင်ငံ တကာက သိဖို့လိုတယ်။” 

မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း အနေဖြင့် တတ်နိုင်သည့်ဘက်မှ ဖမ်းဆီးခံရသူ၏ မိသားစုများအတွက် ဥပဒေရေး အရ အကာအကွယ် ပေးနိုင်မည့် အစီအမံများ လုပ်ဆောင်ပေးနေသည်ဟု ဆိုသည်။

ထို့အပြင် နိုင်ငံတကာသိအောင် ထုတ်ပြန်မှုများအပြင် သတင်းများ ရေးသားခြင်းအားဖြင့် ထုတ်ဖော် ပြောဆို ခြင်းနှင့် ထပ်တိုး ဖမ်းဆီးခံရမှုများ မဖြစ်အောင်လည်း ၎င်းတို့၏ ကွန်ရက်မှ တစ်ဆင့် ဆောင်ရန် ရှောင်ရန် နည်း လမ်းများနှင့် ကာကွယ် တားဆီးနိုင်ရေး လုပ်ဆောင်ပေးခြင်းတို့ကို တတ်နိုင်သည့် အဝန်းအဝိုင်းမှ လုပ်ပေးလျက် ရှိသည်ဟု ဆိုသည်။