ရေးမြို့နယ်ရှိ ဒုက္ခသည်အိမ်ရာများကို စစ်တပ်က သန်းခေါင်ယံဗုံးကြဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်။

မွန်ပြည်၊ ရေးမြို့နယ်တောင်ပိုင်း ရေးချောင်းဖျားဒေသရှိ ဂျပန်အစိုးရ၏ နီပွန်ဖောင်ဒေရှင်း (Nippon Foundation) က ဆောက်လုပ်ပေးထားသည့် စစ်ဘေးရှောင်ဒုက္ခသည်အိမ်ရာများကို စစ်တပ်က သန်းခေါင်ယံ အချိန်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဒုက္ခသည်အိမ်ရာများနှင့် မူလတန်းကျောင်း ပျက်စီးသွားသည်။

ယနေ့ (ဇွန်လ ၁၈ ရက်) နံနက် ၁ နာရီဝန်းကျင်ခန့်တွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရေးချောင်းဖျား၊ ချောင်းနှစ်ခွကျေးရွာအနီးရှိ အဆိုပါ ဒုက္ခသည်စခန်းနေရာသို့ ဂျက်တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးသီး ၂ လုံး လာရောက် ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် နီပွန်ဖောင်ဒေရှင်းက တည်ဆောက်ပေးထားသည့် ဒုက္ခသည်နေအိမ် ၄ လုံး ပျက်စီး သွားကာ တစ်ရွာလုံးနီးပါးရှိ နေအိမ်အဆောက်အအုံများနှင့် မွန်အမျိုးသား မူလတန်းကျောင်းတစ်ကျောင်း ဗုံးစထိမှန်ပျက်စီးခဲ့သော်လည်း ဒေသခံများ ကြိုတင်တိမ်းရှောင်နေကြသဖြင့် လူထိခိုက်မှု မရှိခဲ့ပေ။

မြေပြင်သတင်းရင်းမြစ်တစ်ဦးက ညသန်းခေါင်ကြီး အိပ်နေတုန်း ပထမဗုံးတစ်လုံး ကျလာတော့ တစ်ရွာလုံး လန့်နိုးပြီး ပြေးပုန်းကြရတာ။ ပြီးတော့ ဒုတိယတစ်လုံးထပ်ကြဲတယ်။ အချိန်မီ ပြေးနိုင်ခဲ့လို့ ဒုတိယဗုံးထပ်ချတဲ့ အချိန်မှာ ဘယ်သူမှ ထိခိုက်ဒဏ်ရာ မရခဲ့တာ။ ဒါပေမဲ့ ဗုံးကျတဲ့နားက အိမ်တွေကတော့ ပျက်စီးသွားတယ်။ ကလေးတွေစာသင်တဲ့ မူလတန်းကျောင်းလည်း ဗုံးစတွေမှန်ကုန်တယ်။ ပြောရရင် တော်တော်များတယ်ဟု ပြော သည်။

အဆိုပါ ဗုံးကြဲခံရသည့်နေရာသည် သမ္မတဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၃ ခုနှစ် ငြိမ်းချမ်းရေးကာလ အတွင်းက ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေရှင်း၏ အထောက်အပံ့ဖြင့် မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်နယ်မြေ၌ အိမ်ခြေ ၇၀ ကျော်ဖြင့် စနစ်တကျဆောက်လုပ်ပေးခဲ့သည့် စစ်ဘေးရှောင်ဒုက္ခသည်အိမ်ရာများ ဖြစ်သည်။

စစ်တပ်သည် ရေးချောင်းဖျားဒေသဘက်သို့ လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်နေပြီး ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့ကလည်း အဆိုပါဒုက္ခသည်စခန်းအနီးသို့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့သဖြင့် အရပ်သားတစ်ဦး သေဆုံးခဲ့ဖူးသည်။ 

ထို့ပြင် မေလ ၂၇ ရက်နေ့ကလည်း ရေးမြို့နယ်အတွင်းရှိ ရေးဘီလူးတပ်စခန်းကို ဗုံးကြဲခဲ့သဖြင့် တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးပြီး ၂၀ ခန့် ဒဏ်ရာရရှိခဲ့သေးသည်။

ဒေသခံများ၏ အဆိုအရ စစ်တပ်သည် လေကြောင်း တိုက်ခိုက်မှုများအပြင် ဝေဟင်ကင်းထောက်မှုများကိုပါ ဆက်တိုက်လုပ်ဆောင်နေသဖြင့် ရေးချောင်းဖျားဒေသရှိ အရပ်သားပြည်သူ တစ်ထောင်ကျော်မှာ နေရပ် မပြန်ရဲကြသေးဘဲ ဘေးလွတ်ရာ တောတောင်များထဲတွင် ထွက်ပြေးတိမ်းရှောင်နေကြရဆဲ ဖြစ်သည်။