စစ်တွေမြို့တွင် အရပ်သားများ ဆက်တိုက်ဖမ်းဆီးခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်။
ရခိုင်ပြည်၏ မြို့တော် စစ်တွေတွင် စစ်တပ်က ညပိုင်းအချိန်များ၌ နေအိမ်များနှင့် စစ်ဘေးရှောင်စခန်းများကို ဝင်ရောက်စီးနင်းကာ အရပ်သားပြည်သူများကို ဆက်တိုက်ဖမ်းဆီးနေကြောင်း ဒေသခံများက ပြောသည်။
စစ်တွေမြို့ပေါ်တွင် ပြီးခဲ့သည့် သုံးရက်အတွင်း စစ်ဘေးရှောင် အမျိုးသမီးတစ်ဦး အပါအဝင် အရပ်သား ပြည်သူ ၄ ဦးထက်မနည်း ထပ်မံဖမ်းဆီးခံခဲ့ရပြီး၊ ယခု ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ မေလကုန်အထိ ၅ လတာကာလအတွင်း ဖမ်းဆီးခံရသည့် ဒေသခံပြည်သူ စုစုပေါင်း ၁၅၁ ဦးထက်မနည်း ရှိလာနေပြီ ဖြစ်သည်။
စစ်တပ်က ယခုကဲ့သို့ အရပ်သားများကို အလုံးအရင်းဖြင့် လိုက်လံဖမ်းဆီးနေခြင်းမှာ စစ်တွေမြို့နယ် အစပ် နေရာများအထိ အာရက္ခတပ်တော် (AA) ၏ ထိုးစစ် တဖြည်းဖြည်း နီးကပ်လာနေ၍ ဖြစ်ကြောင်း ဒေသခံများက သုံးသပ်ကြသည်။
စစ်တွေမြို့ခံ အမျိုးသားတစ်ဦးက “မြို့နယ်နယ်စပ်တွေမှာ တိုက်ပွဲတချို့ ရှိလာတယ်။ အဲဒီတော့ သူတို့ ကြောက် လန့်ပြီး ပြည်သူတွေကို အေအေသတင်းပေးလို့ စွပ်စွဲပြီး ဖမ်းတာတွေလုပ်တယ်။ ညဘက် ပြည်သူတွေ အပြင် မထွက်တော့ အိမ်ထဲအထိ လိုက်ဖမ်းတယ်၊ ဘုန်းကြီးကျောင်းတွေကို စစ်တယ်။ ဒီနှစ်ပိုင်းမှာတင် စစ်တွေမှာ ရခိုင်နဲ့ ဘင်္ဂါလီတွေ အဖမ်းခံရတာ တစ်ရာကျော်ပြီ။ ညဘက် ဘယ်သူမှ အပြင်မထွက်တော့ သူခိုးတွေ၊ ဓားပြ တွေဆိုတာ စစ်တပ်က လူတွေပဲလို့ စစ်တွေမြို့က လူတွေက ပြောနေကြတာ” ဟု ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နှင့် ၁၅ ရက်နေ့ ညပိုင်းတို့ကလည်း လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားသည့် စစ်တပ် လက်အောက်ခံတပ်ဖွဲ့ဝင် အင်အား ၅၀ ကျော်ခန့်သည် စစ်ဘေးရှောင်များ ခိုလှုံနေသည့် ဘုန်းကြီး ကျောင်း ၁၆ ကျောင်းထက်မနည်းကို ဝင်ရောက်စီးနင်း ရှာဖွေစစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးပြီးနောက် ဆင်ကူးလမ်းဘုန်းကြီးကျောင်းမှ စစ်ရှောင်တာဝန်ခံ ဦးသာဟန် (၅၂ နှစ်)၊ သောဘိတာ ရာမကျောင်းမှ ဒေါ်အေးအေးအောင် (၄၀ နှစ်)၊ ဦးဇာဘလ် (၃၅ နှစ်) တို့နှင့်အတူ အင်္ဘာရေရွာကြီးမှ ဦးမောင်မောင်ချေ (၄၂ နှစ်) တို့ကို ၎င်းတို့၏ နေအိမ်နှင့် စခန်းများမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် စစ်တွေမြို့ခံများသည် ဖမ်းဆီးခံရမည့် အန္တရာယ်အပြင် ညဘက်တွင် မျက်နှာဖုံးစွပ် စစ်သားများက နေအိမ်များကို ဓားပြဝင်တိုက်လုယက်နေသည့် အန္တရာယ်များကိုပါ နေ့စဉ်နှင့်အမျှ ရင်ဆိုင်နေကြရသည်။
မြို့ခံများအနေဖြင့် အဆိုပါ အန္တရာယ်များကြားမှ ဘေးလွတ်ရာ အခြားဒေသများသို့ ပြောင်းရွှေ့ထွက်ပြေး တိမ်းရှောင်ရန် ကြိုးပမ်းနေကြသော်လည်း၊ စစ်တပ်က မြို့ပြင်ထွက်ခွာခွင့် လမ်းကြောင်းအားလုံးကို လုံးဝပိတ် ဆို့ တားမြစ်ထားသည်ဟု ဆိုသည်။