တောင်ကြီး-လွိုင်ကော်လမ်းတွင် ကရင်နီ မှတ်ပုံတင် ကိုင်ဆောင်သူများကို ဖမ်းမိန့်ထုတ်ထား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်။ 

ကရင်နီမှတ်ပုံတင် (ကယားပြည်နယ် မှတ်ပုံတင် ၂/ )  ကိုင်ဆောင်သူများကို စစ်ဆေးရေး ဂိတ်များ၌ ဖမ်းမိန့် ထုတ်ထားသည် အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူများက ပြောသည်။

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီး – လွိုင်ကော် လမ်းမကြီး တစ်လျှောက်နှင့် ကရင်နီပြည်ရှိ စစ်ကောင်စီ လက် အောက်ခံ စစ်ဆေးရေး ဂိတ်များတွင် ကရင်နီ မှတ်ပုံတင် ကိုင်ဆောင်ထားသူများကို ဖမ်းမိန့် ထုတ်ထားသည် ဟု ထွေအုပ်နှင့် နီးစပ်သူများက ပြောသည်။

ပုဒ်မ ၅၀ – ည ဖြင့် ဖမ်းမိန့် ထုတ်ထားသည့် ကရင်နီ မှတ်ပုံတင် ကိုင်ဆောင်သူ အယောက် ၆၀၀ ကျော် အား တောင်ကြီး – လွိုင်ကော် လမ်းမကြီး တစ်လျှောက်ရှိ စစ်ဆေးရေးဂိတ်ပေါင်း ၂၀ ကျော်နှင့် ကရင်နီပြည် တွင်းရှိ ဒီးမော့ဆို – မော်ချီး – ထူးချောင်းလမ်း၊ လွိုင်ကော် – မော်ချီးလမ်း စသည့် ဂိတ်များတွင် စစ်ဆေး ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ကရင်နီပြည်အတွင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် CDM ထောက်ပံ့ရေး လုပ်ဆောင်နေသူ တစ်ဦးက သူတို့ ထုတ် ထားတဲ့ ဥပဒေပုဒ်မနဲ့ ညှိလို့ ခေါ်စစ်တယ် ပြောတာပဲ။ တချို့ကတော့ ဘာမှန်းမသိ ပါသွားတယ်။ ကိုယ့်ရဲ့ K-Pay နဲ့ ဘယ်သူက ပိုက်ဆံပို့ထားလဲ ဘယ်သူမှ မသိနိုင်ဘူးလေ။ တချို့လည်း ငွေခဏ လွှဲပေးပါဦးလို့ အကူအညီ တောင်းတာတွေက ခဏခဏကြုံရတယ်။ အခု သူတို့ လုပ်တာနဲ့ ဘယ်သူမှ မသွားရဲတော့ဘူးဟု ပြောသည်။

လက်ရှိ တော်လှန်ရေး၌ ပါဝင်လှုပ်ရှားနေသူများနှင့် ယခင် ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေး လုပ်ဆောင်ခဲ့ဖူးသူများ အား တက်ပလက် (Tablet) ဖြင့် စစ်ဆေးနေခြင်း ဖြစ်ပြီး အများစုမှာ KBZ Pay ငွေလွှဲမှုများဖြင့် ဖမ်းဆီးခံနေကြ ရသည်ဟု ဆိုသည်။

ယခု ဇူလိုင်လ တတိယပတ်အတွင်း မော်ချီးမြို့မှ နေရပ်ပြန်လာသည့် စစ်ဘေးရှောင် အယောက် ၃၀ ကျော်အား စစ်ဆေးမည်ဟု ဆိုကာ လွိုင်ကော်မြို့ရှိ ဒေသကွပ်ကဲမှု စစ်ဌာချုပ် (ဒကစ) သို့ ဖမ်းဆီး ခေါ်ဆောင်သွားပြီး ဇူလိုင်လ ၂၃ ရက်နေ့ အထိ အဆက်အသွယ် မရသေးဘူးဟု ဆိုသည်။

မော်ချီးမြို့ရှိ ဖမ်းဆီးခံရသူများနှင့် နီးစပ်သူ တစ်ဦးက မော်ချီးမှာ လေကြောင်းကြဲလို့ အိမ်ပြန်ကြတာပါ။ အကုန် လုံး ခဲလုပ်သားတွေပါ။ ဆက်နေတော့လည်း လေယာဉ်ကြောင့် သေမယ်။ ရှောင်ရင်လည်း ဖမ်းတယ်ဆို တော့ အားလုံး ဘယ်မှမသွားရဲအောင် ဖြစ်နေပါတယ်ဟု ပြောသည်။

ယခု ဖမ်းဆီးနေမှုများမှာ တော်လှန်ရေး၌ လှုပ်ရှားသူများသာ အကြုံးဝင်သည်ဟု ဆိုသော်လည်း ပုဒ်မ ၅၀ – ည အရ စားသောက်ကုန် သယ်ဆောင်သူများကိုပါ စစ်ဆေးနေသဖြင့် ဒေသတွင်း လုပ်ငန်းရှင်အချို့လည်း စိုးရိမ်နေ ကြသည်။

စစ်ကောင်စီက ရွေးကောက်ပွဲ အမြန်ဆုံး ကျင်းပနိုင်ရေးအတွက် ထိုးစစ်များ အကြီးအကျယ် လုပ်နေသည့်အပြင် စစ်ဘေးရှောင် စခန်းများရှိ လွိုင်ကော်၊ ဖယ်ခုံ၊ မိုးဗြဲ ဒေသခံများအား ဖိအားပေး နေရပ်ပြန်ခိုင်းနေပြီး မပြန်ပါက ဗုံးကြဲမည်ဟုလည်း လူမှုကွန်ရက် စာမျာက်နှာများ၌ ၎င်းတို့ကို ထောက်ခံသည့် အုပ်စုများက ခြိမ်းခြောက် နေကြ သည်။