ဂါဇာ ထိုးစစ်ကြီး စတော့မည်ဟု အစ္စရေး စစ်တပ် အကြီးအကဲပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်။
ဂါဇာမြို့ကို ထိန်းချုပ်နိုင်ရေးအတွက် ထိုးစစ်ကြီး မကြာခင် စတင်တော့မည်ဟု အစ္စရေး စစ်တပ် အကြီးအကဲ အီယာလ် ဇာမီယာ (Eyal Zamir) က တနင်္ဂနွေနေ့က ထုတ်ပြောခဲ့သည်။
စစ်ဆင်ရေး နောက်တဆင့်ဖြစ်သော “ဂစ်ဒီယန်ရဲ့ စစ်ရထားများ” ဟု ခေါ်ဆိုသည့် စစ်ဆင်ရေးကို မကြာမီတွင် ဆက်လက် လုပ်သွားမည်ဟု အစ္စရေး စစ်တပ် အကြီးအကဲ အီယာလ် ဇာမီယာ Eyal Zamir က စစ်ဆင်ရေး စီမံကိန်းများ ရေးဆွဲနေစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။
တချိန်တည်းမှာပင် အစ္စရေး အငြိမ်းစား စစ်ဘက် ထောက်လှမ်းရေးမှူးချုပ်က စစ်ပြီးဆုံးရန် ပါလက်စတိုင်း ၅၀,၀၀၀ ခန့် သတ်ပစ်ရန် လိုအပ်ကြောင်း ပြောဆိုချက်လည်း ပေါက်ကြားလာခဲ့သည်။
လာမည့် အဆင့်တွင် အစ္စရေးစစ်တပ်သည် ဂါဇာမြို့တွင် ဟားမက်စ်အဖွဲ့ကို ပြတ်ပြတ်သားသား ချေမှုန်းနိုင်သည် အထိ ထိုးစစ်အရှိန်ကို ဆက်လက် မြှင့်တင်သွားမည်ဟု ဆိုသည်။
မြေပြင်၊ ဝေဟင်နှင့် ရေပြင်တို့၌ ၎င်းတို့၏ စွမ်းဆောင်ရည် အားလုံးကို အသုံးပြုသွားမည်ဟု ဇာမီယာက ဆိုသည်။
အစ္စရေး စစ်တပ် အနေဖြင့် ဂါဇာတွင် ဖမ်းဆီးခံထားရသော အသက်ရှင်နေဆဲ ဓားစာခံများကို သာမက သေဆုံး သူများကိုပါ နေရပ်သို့ ပြန်လည် ခေါ်ဆောင်ပေးရေးအတွက် ကျင့်ဝတ်ပိုင်းအရ တာဝန်ရှိနေကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။
အစာငတ်မွတ်မှုများလည်း ဆက်လက်ပျံ့နှံ့ ဖြစ်ပေါ်လျက်ရှိကာ လွန်ခဲ့သည့် ၂၄ နာရီအတွင်း အစာငတ်မွတ်မှုနှင့် အာဟာရ ချို့တဲ့မှုများကြောင့် ကလေးငယ် ၂ ဦး အပါအဝင် လူ ၇ ဦး သေဆုံးခဲ့သည်။
သို့ဖြစ်၍ ဂါဇာ၌ အစာငတ်မွတ်မှုကြောင့် သေဆုံးသူ စုစုပေါင်းမှာ ကလေးငယ် ၁၁၀ ဦး အပါအဝင် ၂၅၈ ဦး ရှိလာခဲ့ပြီ ဖြစ်သည်။