ကန့်ဘလူမြို့နယ်ထဲ စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့်ပျူ ပူးပေါင်းတပ် ပြည်သူ ၉ ဦးကို ဖမ်းဆီးသတ်ဖြတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက ကျေးရွာ ၆ ရွာကို စစ်ကော်မရှင်တပ်နှင့် ပျူစောထီးအဖွဲ့က စစ်ကြောင်း ထိုးချိန် အပြစ်မဲ့ပြည်သူ ၉ ဦးကို ဖမ်းဆီးပြီး သတ်ဖြတ်သွားသည်ဟု မြေပြင် သတင်းအရင်းအမြစ်များက ပြောသည်။

ကန့်ဘလူမြို့နယ်ထဲက ထိန်တောရွာသား ၅ ဦးနှင့် ကျေးပင်အက်ရွာသား ၄ ဦး တို့ကို မီးရှို့သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

ကျေးပင်အက် ရွာသားတစ်ဦးက ပြည်သူတွေ ပျောက်တာက စုစုပေါင်း ၉ ယောက်၊ ထိန်တောဘက်မှာ  မီးရှို့ သတ်ထားတာ ၅ ယောက်လို့ ပြောတယ်။ ကျနော်တို့ရွာ ကျေးပင်အက်မှာ အလောင်း ၄ လောင်း တွေ့တယ်။ ဘယ်သူဘယ်ဝါတော့ မှန်းလို့ မရဘူး။ ပျောက်ဆုံးနဲ့ လိုက်စစ်နေရတာ။ ကျနော်တို့ရွာမှာ သတ်သွားတာ တော် တော် ဆိုးပါတယ်ဗျာ။ ဓားနဲ့ခုတ်သတ်ပြီး အလောင်းတွေ မီးရှို့သွားတာဗျ ဟု ပြောသည်။

ထို့အပြင် ပြည်သူပိုင် နေအိမ်အလုံးရေ ၄၃၀ ခန့်ကိုလည်း မီးရှို့ဖျက်ဆီးသွားသည်ဟု ကျွန်းလှ တက်ကြွ လှုပ်ရှား သူများအဖွဲ့က ဩဂုတ်လ ၂၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်ကော်မရှင်တပ်က နိုင်ငံအနှံ့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ အပြင် မြေပြင်ကနေလည်း စစ်ကြောင်း များ ဆက်တိုက်ထိုးနေခြင်းကြောင့် ပြည်သူလူထုအတွက် လုံခြုံရေးပိုင်း စိန်ခေါ်မှု ဖြစ်နေသည်ဟု ဆိုကြသည်။

အင်အား ၂၀၀ ကျော်ရှိသည့် စစ်တပ်နှင့် ပျူစောထီးအဖွဲ့က ဩဂုတ်လ ၁၆ ရက်နေ့မှ ဩဂုတ်လ ၂၀ ရက်နေ့ အထိ ကန့်ဘလူမြို့နယ်ထဲက ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟု ကျွန်းလှ တက်ကြွ လှုပ်ရှားသူ များအဖွဲ့က ဆိုသည်။

ရွာမရွာသစ်က နေအိမ် ၄ လုံး၊ ထိန်တော(တ/မ)ကျေးရွာက နေအိမ် ၇၅ လုံး၊ သရက်တောကျေးရွာက နေအိမ် ၇၈ လုံး၊ အင်္ဂါဒေါင့်ကျေးရွာမှ နေအိမ် ၃၁ လုံး၊ ကိုင်းရိုးကျေးရွာက နေအိမ် ၁၂ လုံးနှင့် ကျေးပင်အက်ကျေးရွာက နေအိမ် ၂၃၀ လုံး တို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့အပြင် စာသင်ဆောင် ၄ ဆောင် ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု ကျွန်းလှ တက်ကြွ လှုပ်ရှားသူများအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

သြဂုတ်လ၂၄ ရက်နေ့တွင်လည်း ထိုစစ်ကြောင်းမှာ ကျီကျင်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ကျေးရွပတ်ပတ်လည် နေရာများအား Drone ဗုံးသီးချ တိုက်ခိုက်နေသည်ဟု ဆိုသည်။

အဆိုပါ စစ်ကြောင်းကြောင့် ကျေးရွာပေါင်း ၆ ရွာက ရွာသားများမှာမူ ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရသည်။