တောင်ကျရေကြောင့် ချင်းမိုင်ခရိုင်အတွင်း လူနှစ်ဦး သေဆုံး၊ တစ်ဦး ပျောက်ဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်။ 

မုန်တိုင်း Kajiki အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့်အတွက် ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်အတွင်း တောင် ကျရေများ ကျဆင်းလာကာ အိမ်များ မျောပါပြီး လူ ၂ ဦး သေဆုံးခဲ့သည်။

ထို့အပြင် ကလေးငယ် တစ်ဦးပါ ပျောက်ဆုံးနေခဲ့သည်ဟု The Nation သတင်းတွင် ဖော်ပြထားသည်။ 

ချင်းမိုင်ခရိုင်၊ မယ့်ချမ် (Mae Cham) မြို့နယ်အတွင်း ဩဂုတ်လ ၂၆ ရက်နေ့ (အင်္ဂါနေ့) ညက မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် တောင်ကျရေများ ကျလာပြီး အိမ်များ မျောပါ သွားခဲ့သည်။ 

ပန်အုန် (Pang Ung) ကျေးရွာရှိ နေအိမ် ၇ လုံးလည်း လုံးဝ ပျက်စီးသွားခဲ့သည်ဟု ဆိုသည်။ 

ညပိုင်းတွင် လူ  ၃ ဦး ပျောက်ဆုံးနေခဲ့ရာမှ ဩဂုတ်လ ၂၇ ရက်နေ့ (ယနေ့) နံနက်ပိုင်းတွင် ၂ ဦးကို သေဆုံးလျက် တွေ့ရှိခဲ့သည်။ 

လူ ၁၀ ဦး ဒဏ်ရာရသွားခဲ့ပြီး ဒဏ်ရာရသူများကို မယ်ဟောင်ဆောင် ခရိုင်ရှိ ခွန်ယွမ်း (Khun Yuam) နှင့် ချင်းမိုင်ခရိုင်ထဲက မယ့်ချမ် ဆေးရုံတို့တွင် ဆေးကုသပေးထားသည်။ 

ပျောက်ဆုံးနေတဲ့သူမှာ အသက် ၁၂ နှစ်အရွယ် ကလေးမလေး ဖြစ်သည်။ 

မယ်ဟောင်ဆောင် ခရိုင်၊ ခွန်ယွမ်းတွင် မြေပြိုပြီး သစ်ပင်များ လဲကျခြင်းကြောင့် လမ်းများ ပိတ်နေသည်ဟု ဆိုသည်။