ဖရူဆိုသို့ စစ်ကြောင်းထိုးလာသော စစ်ကော်မရှင်တပ်များ တိုက်ခိုက်ခံနေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်။ 

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်ထဲသို့ စစ်ကြောင်းထိုးလာနေသည့် စစ်ကော်မရှင်တပ် တိုက်ခိုက်ခံရပြီး ထိခိုက် သေဆုံးမှုများ ရှိနေသည်။

ကရင်နီ တော်လှန်ရေး ပူးပေါင်းအဖွဲ့က စစ်ကော်မရှင် စစ်ကြောင်းကို ဟန့်တား တိုက်ခိုက်နေသဖြင့် မြေပြင်တွင် နှစ်ဖက်ကြား တိုက်ပွဲများ ပြင်းထန်နေသည်ဟု မြေပြင် သတင်းအရင်းအမြစ်က ပြောသည်။

ကရင်နီ တော်လှန်ရေး ပူးပေါင်းအဖွဲ့ တာဝန်ရှိသူတစ်ဦးက သူတို့ ကဒါးလားအထိတော့ ရောက်ပြီပေါ့နော်။ မနေ့က စဖြစ်တယ်။ တိုက်ပွဲတွေတော့ တောက်လျှောက် ဆက်ပြီးတော့ ဖြစ်နေသေးတယ်ပေါ့နော်ဟု ပြော သည်။

နှစ်ဖက်ကြား တိုက်ပွဲမှာ ဩဂုတ်လ ၂၅ ရက်နေ့က စဖြစ်ခဲ့သည်ဟု ဆိုသည်။ 

ဩဂုတ်လ ၂၅ ရက်နေ့က တိုက်ခိုက်ခံရမှုထဲ စစ်သား ၃ ဦး သေဆုံးခဲ့သည့်အပြင် ၆ ဦး ထိမှန် ဒဏ်ရာ ရခဲ့သည်ဟု ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်ဘက်က ပြောသည်။

ဒီးမော့ဆိုမြို့နယ်ဘက်မှ ထိုးစစ်ဆင်လာသည့် အင်အားရာဂဏန်းပါရှိသော စစ်ကြောင်းသည် လက်ရှိတွင် ဖရူဆို မြို့မှ ၈ မိုင်ခန့် အကွာတွင်ရှိသော ထီးသော်ကူးနှင့် ကဒါးလားကျေးရွာထဲ၌ ဝင်ရောက်နေရာယူထားပြီး

စစ်ရေး ဆက်လက်တင်းမာနေသည်ဟု ဆိုသည်။

ထို့အပြင် ဒီးမော့ဆိုမြို့နယ်ထဲ၌လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ကော်မရှင်တပ်၏ ဒရုန်းနှစ်စီး ကို ကရင်နီ ပူးပေါင်းတပ်ဖွဲ့ဘက်က ဖျက်ဆီးနိုင်ခဲ့သည်။

ဒီးမော့ဆိုမြို့နယ်မှ ဖရူဆိုမြို့နယ်ဘက်ကို ပြည်ထောင်စု လမ်းမကြီးအတိုင်း စစ်ကော်မရှင်တပ်က စစ်ကြောင်း ထိုးနေခြင်း ဖြစ်သည်။

ကရင်နီ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက တိုက်ပွဲက ဆက်တိုက်ဖြစ်တော့ ချေမှုန်းရေးတက်တဲ့ အချိန် သူ့တို့ ဘက်က ထိခိုက်ကျဆုံးမှု နည်းနည်းရှိတယ်ပေါ့နော်။ လောလောဆယ် ကဒါးလား၊ ထီးသော်ကူး အထိတော့ သူတို့ နေရာယူထားတယ်ပေါ့နော် ဟု ပြောသည်။

စစ်ကော်မရှင်တပ်ဘက်က သေဆုံးဒဏ်ရာရသူများကို ဆိုင်ကယ်ဖြင့် လာရောက်သယ်ဆောင်ကာ ဒီးမော့ဆိုမြို့ ဘက်သို့ ပြန်လည်ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။

ဩဂုတ်လ ၂၅ ရက်နေ့တွင် ဖရူဆိုအခြေစိုက် စစ်ကော်မရှင် တပ်စခန်းသည် ပြည်သူများ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံခဲ့ရသော ဖရူဆိုအနောက်ခြမ်းရှိ မိုဆိုကျေးရွာအနီးထဲ နေရာအထိ စစ်ကြောင်းထိုးလာခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဖရူဆိုမြို့နယ်တွင် စစ်ကော်မရှင်တပ် လက်အောက်ခံ အမှတ် (၁၄) တန်းမြင့် စစ်ရေးလေ့ကျင့်ရေးကျောင်း အပြင် ခမရ – ၄၂၈၊ ခမရ – ၅၃၁ တို့ အခြေချ တပ်စွဲထားသည်။

ဒီးမော့ဆိုမြို့နယ်ဘက်မှ ထွက်လာသော အဆိုပါ စစ်ကြောင်းသည် ဆက်လက် စစ်ကြောင်းထိုးရန် ပြင်ဆင်နေပြီး ဘောလခဲ အထိ စစ်ကြောင်းထိုးနိုင်သည်ဟု စစ်ရေးလေ့လာသုံးသပ်သူများက ပြောသည်။

Photo – CJ ဖရူဆိုမြို့အတွင်း ဝင်ရောက်စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သားများ (ပုံဟောင်း )