ထိုင်းဝန်ကြီးချုပ်သစ်ကို သောကြာနေ့တွင် ရွေးချယ်မည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်။
ထိုင်းလွှတ်တော်ကို ဖျက်သိမ်းခွင့်ပြုရန် ယာယီ ဝန်ကြီးချုပ်၏ တင်ပြချက်ကို ထိုင်းဘုရင့် အတိုင်ပင်ခံ ကောင်စီက ပယ်ချလိုက်သည်။
ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် မကိုက်ညီမှုများ ရှိနေသည်ဟု ဆိုကာ တင်သွင်းလွှာကို ပြန်ပေးခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ထိုင်းလွှတ်တော်သည် ဝန်ကြီးချုပ် သစ်ကို ရွေးချယ်ရတော့မည် ဖြစ်သည်။
ထိုင်းဝန်ကြီးချုပ်သစ်ကို မနက်ဖန် စက်တင်ဘာလ ၅ ရက် သောကြာနေ့တွင် လွှတ်တော်ကိုယ်စားလှယ်များက မဲပေးရွေးချယ်ကြမည် ဖြစ်သည်ဟု လွှတ်တော်ဥက္ကဌ Wan Muhamad Noor Matha က ဗုဒ္ဓဟူးနေ့ညက ပြောသည်။
အခုအခါ အဓိက အတိုက်အခံ ပါတီဖြစ်သော Bhumjaithai ပါတီ ခေါင်းဆောင် Anutin Charnvirakul သည် ဝန်ကြီးချုပ်ဖြစ်လာရန် အလားအလာ အရှိဆုံး ဖြစ်လာနေသည်။
ရှေးရိုးစွဲ Bhumjaithai ပါတီကို ဦးဆောင်သူ Anutin သည် ထိုင်းနိုင်ငံတွင် ကျန်းမာရေးအရ ဆေးခြောက် သုံးစွဲခွင့် ဥပဒေများကို အဆိုတင်သွင်းခဲ့သူလည်း ဖြစ်သည်။
တဖက်တွင်လည်း လွှတ်တော်တွင် ကိုယ်စားလှယ်နေရာ အများအပြားရရှိထားသည့် ပြည်သူ့ ပါတီက Anutin ကို ဝန်ကြီးချုပ်အဖြစ် ထောက်ခံသွားမည်ဟု ပြောကြားထားသည့်အတွက်လည်း သူသည် အလားအလာ အကောင်းဆုံး ဖြစ်နေခြင်း ဖြစ်သည်။
ပြည်သူ့ပါတီက Anuthin အနေနှင့် အာဏာရပြီး လေးလ အကြာတွင် လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ အသစ် ပြန်လုပ်မည်ဆိုပါက ဝန်ကြီးချုပ် အဖြစ် ထောက်ခံသွားမယ်ဟု ဆိုထားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ သတ်မှတ်ချက်ကို Bhumjaithai.ပါတီ ကလည်း လက်ခံထားခဲ့သည်ဟု ဆိုသည်။