ရေတာရှည်စခန်းသိမ်းတိုက်ပွဲတွင် တပ်ရင်းမှူးအပါအဝင် ၁၅ ဦးကျဆုံး၊ စစ်သုံ့ပန်း ၂ ဦး ဖမ်းမိ
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်။
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်ရှိ စစ်ကော်မရှင်၏ အထိုင်စခန်းတစ်ခုကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ များက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကော်မရှင်ဘက်မှ တပ်ရင်းမှူးအပါအဝင် ၁၅ ဦး သေဆုံးပြီး စစ်သုံ့ပန်း ၂ ဦးကို အရှင်ဖမ်းဆီးရမိခဲ့သည်။
နေပြည်တော်တိုင်းစစ်ဌာန (NPT DSC) လက်အောက်ခံ တပ်ရင်းများ စုဖွဲ့ထားသည့် ဗျူဟာစစ်ကြောင်းက စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ ရွာသစ်ရွာတွင် အင်အား ၆၀ ခန့် အထိုင်ချထားသော အဆိုပါ စစ်ကော်မရှင် တပ်စခန်းကို အောက်တိုဘာလ ၂၀ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်မှ လေကြောင်းရန် ကာကွယ်ရေးတပ် (လကတ-၂၀၂၉) မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ညီညီနိုင် အပါအဝင် ၁၅ ဦး ကျဆုံး ခဲ့သည်။
ဖမ်းဆီးရမိသော စစ်သုံ့ပန်း ၂ ဦးအပြင်၊ တပ်ရင်းမှူး ညီညီနိုင်မှာ ဖမ်းဆီးချိန်တွင် ပစ္စတိုထုတ်ကာ ခုခံမှုပြုလုပ် သဖြင့် အသေပစ်သတ်ခဲ့ရကြောင်း နေပြည်တော် တိုင်းစစ်ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် က ထုတ်ပြန် ထားသည်။
တိုက်ပွဲအပြီးတွင် တော်လှန်ရေးတပ်ဖွဲ့များက ရွာသစ်ရွာရှိ အထိုင်စခန်းနှင့် ကင်းစခန်းများအားလုံးကို အောင်မြင် စွာ သိမ်းပိုက်နိုင်ခဲ့သည်ဟု နေပြည်တော် PDF အဖွဲ့က ဆိုသည်။
ရေတာရှည် စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရရှိခဲ့ကြသည်။
သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများထဲတွင် ဒရုန်းဂျမ်ပါ အထိုင်စက်ကြီး (၁) လုံး၊ MA11 (၁) လက်၊ MA3 (၁) လက်၊ G3 (၃) လက်၊ ၆၀ မမ (၁) လက်၊ ပစ္စတို (၁) လက်အပြင် ကျည်မျိုးစုံ ၁,၀၀၀ ခန့်နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ပါဝင်သည်။
တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် ၂ ဦးသာ ထိခိုက်ဒဏ်ရာရခဲ့ပြီး၊ တိုက်ပွဲကြောင့် လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြား ပိတ်မိနေသည့် ရွာသားများကိုလည်း ဘေးလွတ်ရာသို့ ကယ်ထုတ်ပေးနိုင်ခဲ့ ကြောင်း ထုတ်ပြန်ထားသည်။
ယခု စစ်ဆင်ရေးကို အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကာကွယ်ရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရခြင်း ဖြစ်သည်ဟု နေပြည်တော်တိုင်းစစ်ဌာနက ထုတ်ပြန်ခဲ့သည်။