ကန်ပက်လက် မင်္ဂလာပွဲ ဗုံးကြဲခံရ၊ အရပ်သား ၄ ဦး သေဆုံး၊ ၁၅ ဦး ဒဏ်ရာရ
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်။
ချင်းပြည်၊ ကန်ပက်လက်မြို့ အနီးရှိ မင်္ဂလာဆောင်ပွဲတစ်ခုကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ဦး သေဆုံးပြီး၊ ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၄ ရက်နေ့၊ နံနက်ပိုင်း ၉ နာရီ ၂၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ စစ်တပ်က နှစ်ကြိမ်ဆက်တိုက် လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။
ပထမအကြိမ်တွင် ဗုံးတစ်လုံး၊ ဒုတိယအကြိမ်တွင် ဗုံးနှစ်လုံးဖြင့် စုစုပေါင်း ဗုံးသုံးလုံး ကြဲချခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ဗုံးကြဲတိုက်ခိုက်ခံရသည့် နေရာသည် CDF – ကန်ပက်လက် စစ်ဦးစီးချုပ် ဆလိုင်းအောင်လိန်း၏ မင်္ဂလာဆောင် ပွဲ ကျင်းပသည့်နေရာဖြစ်ပြီး၊ စစ်တပ်သည် မင်္ဂလာဆောင်ဖိတ်စာမှတစ်ဆင့် နေရာနှင့် အချိန်အတိအကျကို သိရှိ၍ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းများက ဖော်ပြသည်။
CDF – ကန်ပက်လက် ပြောရေးဆိုခွင့်ရှိသူကလည်း လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်ကို အတည်ပြုသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ အရပ်သား ၄ ဦးတွင် NLD လွှတ်တော်အမတ်ဟောင်း ဦးစံခင်၏သား ဦးခင်မောင်ရင် အပါအဝင် အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦး ပါဝင်ကြောင်း ချင်းသတင်းဌာနများက ရေးသားသည်။
ဒဏ်ရာရရှိသူ ၁၅ ဦးအနက် ၅ ဦး၏ ဒဏ်ရာအခြေအနေမှာ ပြင်းထန်သည်ဟု သိရသည်။
စစ်အုပ်စုသည် အောက်တိုဘာလအတွင်း ချင်းပြည်နယ်ရှိ မင်းတပ်၊ မတူပီ၊ ဟားခါး၊ တွန်းဇံမြို့နယ်များ တွင် လည်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာ ကလေးငယ်များအပါအဝင် ဒေသခံ အရပ်သားများ ထိခိုက်သေဆုံးမှု များပြားခဲ့သည်။