စစ်ကော်မရှင်က AI နည်းပညာသုံး၍ ပြည်သူများအား စောင့်ကြည့်ထောက်လှမ်းခြောက်လှန့်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်။
စစ်ကော်ရှင်တပ်သည် AI နည်းပညာနှင့် မျက်နှာမှတ်သားသည့်စနစ်များကို အသုံးပြုကာ ပြည်သူများကို အစုလိုက်အပြုံလိုက် စောင့်ကြည့်ထောက်လှမ်းနေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂတွင် ထုတ်ဖော် သတိပေးလိုက်သည်။
နယူးယောက်မြို့၌ ကျင်းပသည့် ကုလသမဂ္ဂ အဆင့်မြင့်အစည်းအဝေးတွင် သံအမတ်ကြီးက စစ်အုပ်စုသည် ဒစ်ဂျစ်တယ် နည်းပညာဖြင့် ပြည်သူများကို ခြေရာခံကာ ကြောက်ရွံ့ထိတ်လန့်အောင် ပြုလုပ်နေကြောင်း တင်ပြခဲ့ခြင်းဖြစ်သည်။
အထူးသဖြင့် ပြည်သူတစ်ဦးချင်းစီ စောင့်ကြည့်ရေးစနစ် (PSMS) ကို အသက်သွင်းပြီး လူ့အခွင့်အရေး လှုပ်ရှား သူများကို ဖမ်းဆီးရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းက “ပြည်သူတစ်ဦးချင်းကို စိစစ်စောင့်ကြည့်ရေး စနစ် (PSMS) ကို အသက် သွင်းပြီး ပြည်သူလူထုအပေါ် အစုလိုက်အပြုံလိုက် စောင့်ကြည့် ထောက်လှမ်းမှုကို တိုးမြှင့် ဆောင်ရွက်န ေတယ်၊ ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုများ တိုးပွားလျက်ရှိပြီး၊ ပြည်သူတွေဟာ အမြဲတစေ ကြောက် ရွံ့ထိတ်လန့်မှုအောက်တွင် နေထိုင်နေရတယ်” ဟု အလေးပေး ပြောကြားခဲ့သည်။
မြေပြင်တွင်လည်း စစ်ကော်မရှင်တပ်သည် မြို့ကြီးများ၌ CCTV ကင်မရာအမြောက်အမြား တပ်ဆင်ကာ အသွားအလာများကို စောင့်ကြည့်နေသဖြင့် လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း ဒေသခံများက ပြောဆိုသည်။
ရန်ကုန်မြို့မှ လူငယ်တစ်ဦးက “အခုက လမ်းတိုင်းမှာ CCTV တွေ ရှိနေတော့ ကျနော်တို့ ဘယ်သွားသွား စောင့် ကြည့်ခံနေရသလိုပဲ။ လမ်းမှာ ဖုန်းထဲက VPN ကို စစ်ဆေးပြီး ငွေတောင်းတာ၊ ဖမ်းဆီးတာတွေ ရှိနေလို့ အပြင် ထွက်ရင် ဖုန်းကို အိမ်မှာပဲ ထားခဲ့ရတဲ့အထိ ဒစ်ဂျစ်တယ်လုံခြုံရေးက စိုးရိမ်နေရတယ်” ဟု ပြောသည်။
မန္တလေးကဲ့သို့ မြို့ကြီးများ၏ လမ်းဆုံလမ်းခွများတွင်လည်း CCTV ကင်မရာအမြောက်အမြား တပ်ဆင်ကာ အသွားအလာများကို စောင့်ကြည့်နေသည်ဟု မြို့ခံများက ပြောသည်။
မန္တလေးမြို့ခံ လူငယ်တစ်ဦးက “အခုနောက်ပိုင်း လမ်းဆုံလမ်းခွတွေမှာ CCTV တွေ တော်တော်များလာတယ်။ ကျနော်တို့ အပြင်ထွက်ရင် ဘယ်နားမှာ ကင်မရာရှိလဲဆိုတာကို အမြဲကြည့်ပြီး သွားနေရတယ်။ ဖုန်းထဲမှာ VPN ရှိမရှိ လမ်းမှာ အစစ်ခံရမှာကိုလည်း ကြောက်ရသလို၊ ကိုယ့်မျက်နှာကို ကင်မရာကနေတစ်ဆင့် မှတ်သားထား ပြီး တစ်နေရာရာမှာ အဖမ်းခံရမလားဆိုတဲ့ စိုးရိမ်စိတ်က အိမ်ထဲမှာနေရင်တောင် မပျောက်ဘူး။ ကိုယ့်ကိုကိုယ် အမြဲတမ်း စောင့်ကြည့်ခံနေရသလို ခံစားချက်က တကယ့်ကို စိတ်ကျဉ်းကျပ်စရာပါ” ဟု ပြောသည်။
ထို့အပြင် စစ်အုပ်စုသည် အာဏာသိမ်းပြီးချိန်မှ စ၍ သတင်းထောက် ၂၂၅ ဦးကို ဖမ်းဆီးခဲ့ပြီး ၉ ဦးကို သတ်ဖြတ် ခဲ့သည့်အထိ သတင်းလွတ်လပ်ခွင့်ကို ဖိနှိပ်ထားကြောင်း သံအမတ်ကြီးက ထောက်ပြသည်။
အင်တာနက် ဖြတ်တောက်ခြင်းနှင့် VPN အသုံးပြုမှုကို ကန့်သတ်ခြင်းတို့ဖြင့် ပြည်သူများ၏ သတင်းအချက် အလက် ရယူခွင့်ကိုလည်း ပိတ်ပင်ထားသည်ဟု ဆိုသည်။
အထူးသဖြင့် ၂၀၂၅ ခုနှစ် မတ်လအတွင်း ငလျင်ဘေးသင့်ချိန်၌ပင် သတင်းအချက်အလက် စီးဆင်းမှုကို ပိတ်ပင်ခဲ့ ခြင်းမှာ လူသားချင်းစာနာမှုကင်းမဲ့သည့် လုပ်ရပ်ဖြစ်သည်ဟု ဆိုသည်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းက ယခုကဲ့သို့ ပြည်သူကို စောင့်ကြည့်ဖိနှိပ်နေသည့် အခြေအနေတွင် စစ်အုပ်စု ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမည်မဟုတ်ဘဲ အကြမ်းဖက်မှုများ ကိုသာ ပိုမိုဆိုးရွားစေမည်ဖြစ်ကြောင်း သတိပေးလိုက်သည်။
ထို့ကြောင့် နိုင်ငံတကာအနေဖြင့် အဆိုပါ ရွေးကောက်ပွဲကို ပယ်ချရန်နှင့် မြန်မာပြည်သူများ၏ နွေဦး တော်လှန်ရေးကို ထောက်ခံပေးရန် သံအမတ်ကြီးက တိုက်တွန်းတောင်းဆိုခဲ့သည်။