ကမ္ဘာ့ အကြီးဆုံး Tomorrowland ဂီတပွဲတော်ကြီး ထိုင်းနိုင်ငံတွင် ကျင်းပမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၈ ရက်။
ကမ္ဘာကျော် အကနှင့် ဂီတပွဲတော်ကြီးဖြစ်သော Tomorrowland ကို ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၌ ကျင်းပသွားရန် ဆုံးဖြတ်လိုက်သည်။
အဆိုပါပွဲတော်အတွက် ကြိုတင်စာရင်းသွင်းခြင်း (Pre-registration) ကို ယနေ့ ဇန်နဝါရီလ ၈ ရက်၊ မြန်မာစံတော်ချိန် နေ့လယ် ၃ နာရီခွဲတွင် စတင်ဖွင့်လှစ်ပြီဖြစ်သည်။
ယခင်က ဘယ်လ်ဂျီယံနိုင်ငံ၌သာ ကျင်းပခဲ့သဖြင့် အာရှသားများအတွက် ဗီဇာနှင့် ငွေကြေးအခက်အခဲရှိခဲ့သော်လည်း ယခုအခါ အနီးကပ်ဆုံးနေရာဖြစ်သည့် ထိုင်းနိုင်ငံသို့ ရောက်ရှိလာခြင်း ဖြစ်သည်။
ဤပွဲတော်ကို ပုံမှန်အားဖြင့် ဘယ်လ်ဂျီယံ နိုင်ငံတွင် နှစ်စဉ် ကျင်းပခဲ့ပြီး ကမ္ဘာတဝှမ်းမှ နာမည်ကြီး DJ များ၊ ဂီတ ဝါသနာ ရှင်များ ပါဝင် ဆင်နွဲကြသည်။
နေရာထိုင်ခင်းများတွင် ကွင်းပြင်တွင် တဲထိုးနေထိုင်သည်မှ ကြယ်ငါးပွင့် အဆင့် ဇိမ်ခံ အခန်းများ အထိ ပါဝင်လေ့ရှိသည်။
ပွဲတက်ရောက်လိုသူများသည် Tomorrowland ဝက်ဘ်ဆိုက်တွင် အကောင့်ဖွင့်လှစ်ထားရန် လိုအပ်ပြီး မတ်လ ၇ ရက်နေ့တွင် လက်မှတ်များကို ကမ္ဘာအနှံ့ စတင်ရောင်းချမည်ဖြစ်သည်။
ဤပွဲတော်ကြီးကြောင့် ထိုင်းနိုင်ငံအတွင်းသို့ လာမည့် ၅ နှစ်အတွင်း ဘတ်ငွေ ၂၁ ဘီလီယံခန့် ဝင်ရောက်လာမည်ဟု ခန့်မှန်းထားပါသည်။