အာကာသအတွင်း ဂြိုဟ်တုများ တိုက်မိလုနီးပါးဖြစ်မှုကြောင့် Starlink ဂြိုဟ်တုများ ပတ်လမ်းအမြင့်လျှော့ချ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ် ဇန္နဝါရီလ ၂၈ ရက်။
အာကာသအတွင်း တရုတ်နိုင်ငံ၏ အဆင့်မြင့် ကမ္ဘာကြည့်ဂြိုဟ်တုတစ်လုံးနှင့် SpaceX ကုမ္ပဏီ၏ Starlink ဂြိုဟ်တုတစ်လုံးတို့သည် မီတာ ၂၀၀ (ပေ ၆၅၀ ခန့်) အကွာအဝေးအထိ တိုက်မိလုနီးပါး ဖြစ်ပွားခဲ့ခြင်းကြောင့် Starlink ဂြိုဟ်တု ၄,၀၀၀ ကျော်ကို ပတ်လမ်းအမြင့် လျှော့ချရန် Elon Musk က ဆုံးဖြတ်လိုက်သည်။
အဆိုပါ ဖြစ်စဉ်သည် တရုတ်ဂြိုဟ်တု လွှတ်တင်ပြီး ၁၄ မိနစ်အတွင်း၌ပင် ဖြစ်ပွားခဲ့ခြင်းကြောင့် SpaceX အနေဖြင့် ကြိုတင်ရှောင်ကွင်းရန် ပြင်ဆင်ချိန် မရရှိခဲ့ကြောင်း ဆိုသည်။
ယင်းဖြစ်ရပ်ကြောင့် SpaceX သည် ၎င်း၏ ဂြိုဟ်တု ၉,၀၀၀ ကျော်အနက် ထက်ဝက်နီးပါးရှိသော ဂြိုဟ်တု ၄,၄၀၀ ခန့်ကို အမြင့် ၅၅၀ ကီလိုမီတာမှ ၄၈၀ ကီလိုမီတာ ပတ်လမ်းအတွင်းသို့ ရွှေ့ပြောင်းသွားမည်ဖြစ်သည်။
ဤသို့ ပတ်လမ်းအမြင့် လျှော့ချခြင်းဖြင့် အင်တာနက် အချက်ပြမှုနှင့် ကြန့်ကြာမှု (Latency) တို့ကို ကောင်းမွန်စေမည့်အပြင် ဂြိုဟ်တုပျက်စီးပါကလည်း လေထုအတွင်းသို့ ပိုမိုမြန်ဆန်စွာ ဝင်ရောက်လောင်ကျွမ်းစေနိုင်သဖြင့် အာကာသလုံခြုံရေးအတွက် ပိုမိုကောင်းမွန်ကြောင်း SpaceX က ထုတ်ပြန်ထားသည်။
သို့သော် လေထုဆွဲအားကြောင့် လောင်စာသုံးစွဲမှု ပိုမိုများပြားကာ ဂြိုဟ်တုသက်တမ်း တိုတောင်းသွားနိုင်သည့် ဆိုးကျိုးများလည်း ရှိနေသည်။
တစ်ချိန်တည်းတွင် ဂြိုဟ်တုအမြောက်အမြားကို တစ်ပြိုင်နက် ပတ်လမ်းရွှေ့ပြောင်းခြင်းသည် အခြားဂြိုဟ်တုများနှင့် တိုက်မိနိုင်ခြေ ရှိနေသဖြင့် “ကွင်းဆက်တုံ့ပြန်မှု” (Chain Reaction) မဖြစ်ပွားစေရန် တရုတ်သုတေသီများက သတိပေးထားသည်။