ဖယ်ခုံ အနောက်ခြမ်း ကျေးရွာများအတွင်း စစ်ကော်မရှင် လက်နက်ကြီးဖြင့်ပစ်၊ အရပ်သား တစ်ဦးသေ

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်။ 

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ တော်လှန်ရေး တပ်ဖွဲ့များ ထိန်းချုပ်ထားရာ ကယန်းကျေးရွာများအတွင်းသို့ စစ်ကော်မရှင်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရပ်သားတစ်ဦး ပွဲချင်းပြီး သေဆုံးသွားသည်။

နေအိမ်၌ ရှိနေသည့် အရပ်သားတစ်ဦး ပွဲချင်းပြီး သေဆုံးကာ နောက်ထပ်တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများနှင့် စစ်ဘေးရှောင်ကူညီသူများက ပြောသည်။ 

ဖြစ်စဉ်နှင့်ပတ်သက်၍ အနောက်ကယန်းဒေသ၌ ခိုလှုံနေသည့် CDM တစ်ဦးက ထိတာကတော့ အိမ်မှာ နေရင်း ထိုင်ရင်း ထိတာပါ။ တစ်လုံးပဲ ကျတာလေ။ ဝုန်းဆို တစ်ချက်ပဲ။ ပွဲချင်းပြီးပဲ။ အကုန်လုံး ကျဉ်းထဲ ရောက်တော့ ထပ်မကျတော့ဘူး။ တော်တော်ဆန်းတယ်။ ခါတိုင်းဆို ဆက်တိုက် အတွဲလိုက် ချတာ ဟု ပြောသည်။

ဖယ်ခုံမြို့အခြေစိုက် ခမရ (၃၃၆) တပ်ရင်းမှနေ၍ ဖေဖော်ဝါရီ ၆ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်ခန့်တွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ၁၂၀ မမ လက်နက်ကြီးဖြင့် အရပ်သားများရှိရာသို့ ရည်ရွယ်ချက်ရှိရှိ ဦးတည် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ လက်နက်ကြီးကျည်မှာ ကယန်းကျေးရွာတစ်ရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် အသက် ၅၆ နှစ် အရွယ် ဦးစိုးဏ ဆိုသူ သေဆုံးခဲ့ရပြီး ၎င်းနှင့်အတူရှိနေသည့် အမျိုးသားတစ်ဦးလည်း ပြင်းထန် ဒဏ်ရာများ ရရှိခဲ့သည်။

ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း ကျေးရွာများသည် ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်နေ့ကလည်း လက်နက်ကြီး ပစ် ခတ်ခံရမှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ဖူးပြီး ယခုအခါ စစ်ကော်မရှင်တပ်က ပအိုဝ်းပြည်သူ့စစ် အဖွဲ့ (PNA) အကူအညီဖြင့် ဒေသအတွင်းသို့ ထပ်မံစစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း မြေပြင်သတင်းရင်းမြစ် များက ပြောသည်။

အနောက်ကယန်းဒေသသည် စစ်ဘေးရှောင်စခန်းများစွာ အပြင် ရှမ်း၊ ကရင်နီနှင့် ပြည်မဘက်မှ လာရောက်သည့် တော်လှန်ရေးတပ်ရင်းများ ခိုလှုံရာဒေသလည်းဖြစ်သည်။ 

စစ်ကော်မရှင်တပ်သည် အဆိုပါဒေသကို ပြန်လည်စိုးမိုးနိုင်ရန်အတွက် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းနှင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကို မကြာခဏဆိုသလို ပြုလုပ်လျက်ရှိသည်။