အမေရိကန်နှင့် ဆွေးနွေးရာတွင် အလျှော့အတင်းလုပ်ရန် အီရန်အသင့်ရှိနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်။
အီရန်အစိုးရသည် အမေရိကန်ပြည်ထောင်စုနှင့် ဆွေးနွေးရာတွင် အပေးအယူလုပ်ရန် အသင့်ရှိကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
အဆိုပါ ပြောဆိုချက်သည် အမေရိကန်က ပင်လယ်ကွေ့ဒေသသို့ နောက်ထပ် လေယာဉ်တင်သင်္ဘောအုပ်စုတစ်စု ထပ်မံစေလွှတ်လိုက်ပြီးနောက်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
အီရန်သည် အမေရိကန်နှင့် နျူကလီးယား သဘောတူညီချက်အသစ်တစ်ရပ် ရရှိရန် ကြိုးပမ်းနေပြီး ယခုတစ်ကြိမ်တွင် နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် စွမ်းအင်၊ သတ္တုတွင်းနှင့် လေယာဉ်ဝယ်ယူမှု အစရှိသည့် စီးပွားရေးကဏ္ဍများကိုပါ ထည့်သွင်းဆွေးနွေးလိုကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။
အမေရိကန်ဘက်က စီးပွားရေးပိတ်ဆို့မှုများ ဖယ်ရှားပေးပါက ၎င်းတို့၏ ယူရေနီယံသန့်စင်မှုနှုန်းကို လျှော့ချပေးရန် အသင့်ရှိနေပြီး၊ လက်နက်အဆင့်နီးပါးရှိသော ၆၀ ရာခိုင်နှုန်း သန့်စင်ထားသည့် ယူရေနီယံများကိုလည်း ပြန်လည်အာနိသင်လျှော့ချပေးရန် အဆိုပြုထားသည်။
သို့သော် ယူရေနီယံ လုံးဝသန့်စင်ခြင်းမပြုရဟူသည့်အချက်ကိုမူ လက်ခံမည်မဟုတ်ကြောင်း အီရန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး မဂျစ်တာ့က်ထ်ရာဗင်ချီက ဘီဘီစီသို့ ပြောကြားသည်။
အမေရိကန်နှင့် အစ္စရေးတို့က အီရန်၏ ဒုံးပျံအစီအစဉ်ကိုပါ ဆွေးနွေးပွဲတွင် ထည့်သွင်းလိုသော်လည်း အီရန်ဘက်က ယင်းသည် ၎င်းတို့၏ ခံစစ်အတွက်သာဖြစ်၍ ဆွေးနွေးမည်မဟုတ်ကြောင်း ငြင်းဆိုထားသည်။
လက်ရှိတွင် နှစ်နိုင်ငံကြား အိုမန်နိုင်ငံ၏ ကြားခံစေ့စပ်ပေးမှုဖြင့် တစ်ဆင့်ခံဆွေးနွေးနေကြပြီး အမေရိကန်ကမူ အီရန်၏ အဓိကဝင်ငွေဖြစ်သော တရုတ်နိုင်ငံသို့ ရေနံတင်ပို့မှုကို လျှော့ချရန် ဖိအားပေးလျက်ရှိသည်။