သမ္မတ ဒေါ်နယ်ထရမ့်၏ နေအိမ်အနီး ချည်းကပ်လာသူကို သေနတ်ဖြင့် ပစ်သတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဖလော်ရီဒါပြည်နယ်၊ Mar-a-Lago အိမ်တော် လုံခြုံရေး နယ်မြေအတွင်းသို့ လက်နက်ကိုင်ဆောင်ပြီး ကျူးကျော်ဝင်ရောက်ခဲ့သူတစ်ဦးကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့သည်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက် (တနင်္ဂနွေနေ့) မနက်အစောပိုင်းတွင် သမ္မတထရမ့်၏ Mar-a-Lago နေအိမ် လုံခြုံရေးနယ်မြေအတွင်းသို့ လက်နက်ကိုင်ဆောင်ထားသူတစ်ဦး ကျူးကျော်ဝင်ရောက်ခဲ့သဖြင့် လုံခြုံရေးအဖွဲ့ (Secret Service) က ပစ်သတ်ခဲ့ခြင်းဖြစ်သည်။
ထိုအချိန်တွင် သမ္မတထရမ့်မှာ ဝါရှင်တန်ဒီစီတွင် ရောက်ရှိနေခဲ့သည်။
ပစ်သတ်ခံရသူမှာ အသက် ၂၁ နှစ်အရွယ် Austin T Martin ဖြစ်ပြီး မြောက်ကာရိုလိုင်းနား ပြည်နယ်သား ဖြစ်ပါသည်။
၎င်း၏မိသားစုက တနင်္ဂနွေနေ့ မနက်အစောပိုင်းမှာပင် လူပျောက်တိုင်ကြားထားသူ ဖြစ်ပါသည်။
၎င်းသည် မြောက်ကာရိုလိုင်းနားမှ ဖလော်ရီဒါသို့ ကားမောင်းလာစဉ် လမ်းခရီးတွင် သေနတ်ဝယ်ယူခဲ့ခြင်း ရှိ၊ မရှိကို အာဏာပိုင်များက စုံစမ်းနေပါသည်။
တရားခံကို Shotgun (ပြောင်းချောသေနတ်) တစ်လက်နှင့် လောင်စာဆီပုံး တစ်ပုံးကို ကိုင်ဆောင်ပြီး အိမ်တော်၏ မြောက်ဘက်ဂိတ်အနီးတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
လုံခြုံရေးအဖွဲ့က လက်နက်ချရန် အမိန့်ပေးသော်လည်း ၎င်းက ဆီပုံးကိုချပြီး သေနတ်ဖြင့် ပြန်လည်ပစ်ခတ်မည့် အနေအထား ပြုလုပ်ခဲ့သဖြင့် လုံခြုံရေးအေးဂျင့်များက ပစ်ခတ်နှိမ်နင်းခဲ့ခြင်း ဖြစ်ပါသည်။
သမ္မတထရမ့်သည် ယခင်ကလည်း လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုအချို့နှင့် ရင်ဆိုင်ခဲ့ရဖူးသည်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လက ပင်ဆယ်လ်ဗေးနီးယားတွင် နားရွက်ကို သေနတ်မှန်ခဲ့ဖူးသလို၊ နောက်ပိုင်းတွင်လည်း ဂေါက်ကွင်း၌ လုပ်ကြံရန် ကြိုးပမ်းမှုတစ်ခု ရှိခဲ့ဖူးပါသည်။