ဂျာမနီနှင့် ပြင်သစ် စစ်ရေး ပြင်ဆင်မှုများ လုပ်ဆောင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၄ ရက်။ 

အီရန်အစိုးရအနေဖြင့် ဒေသတွင်း တိုက်ခိုက်မှုများကို ရပ်တန့်ခြင်းမရှိပါက အစ္စရေးနှင့် အမေရိကန်တို့၏ စစ်ဆင်ရေးတွင် ဂျာမနီနိုင်ငံက ပါဝင်ရန် အလေးအနက် စဉ်းစားနေကြောင်း အစ္စရေးတပ်မတော်ရေဒီယိုက ထုတ်ပြန်သည်။ 

ဂျာမနီနိုင်ငံသည် ဗုံးကြဲတိုက်ခိုက်မှုများမှသည် စစ်ဘက်နှင့် လေကြောင်းဆိုင်ရာ အကူအညီများ ပေးအပ်ခြင်းအထိ ပါဝင်နိုင်သော စစ်ရေးစီမံချက်များကို စတင်ရေးဆွဲနေပြီဖြစ်သည်။ 

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်ကလည်း ပြင်သစ်၏ အစွမ်းထက်ဆုံး “Charles de Gaulle” လေယာဉ်တင်သင်္ဘောနှင့် စစ်သင်္ဘောများကို မြေထဲပင်လယ်သို့ စေလွှတ်လိုက်ပြီဟု ကြေညာခဲ့သည်။ 

၎င်းသည် ယူအေအီးရှိ ပြင်သစ်စစ်စခန်း တိုက်ခိုက်ခံရမှုအပေါ် တုံ့ပြန်ခြင်းနှင့် မဟာမိတ် ဆိုက်ပရပ်စ်ကျွန်းကို ကာကွယ်ခြင်းအတွက် စစ်အင်အား တိုးချဲ့လိုက်ခြင်းဖြစ်သည်။

သို့သော်လည်း အနောက်အုပ်စုအတွင်း သဘောထားကွဲလွဲမှုများ ရှိနေသည်။ 

ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာက ဗြိတိန်အနေဖြင့် အီရန်အပေါ် စတင်တိုက်ခိုက်သည့် စစ်ဆင်ရေးများတွင် ပါဝင်မည်မဟုတ်ဘဲ ကောင်းကင်ယံကို အသုံးပြုပြီး အစိုးရအပြောင်းအလဲလုပ်ခြင်းကို လက်မခံကြောင်း အတိအလင်း ငြင်းဆိုထားသည်။ 

တစ်ဖက်တွင်မူ နေတိုး (NATO) အတွင်းရေးမှူးချုပ်က အမေရိကန်၏ ဆုံးဖြတ်ချက်ကို ထောက်ခံပြီး ယခုစစ်ပွဲသည် ဥရောပလုံခြုံရေးအတွက် အရေးကြီးကြောင်း ပြောကြားထားသည်။