မြောက်ကိုရီးယားက ပဒေသာဗုံးတပ် ဒုံးကျည်များ စမ်းသပ် ပစ်ခတ် 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်။ 

မြောက်ကိုရီးယားနိုင်ငံသည် လူ အစုအပြုံလိုက် သေဆုံးစေနိုင်သည့် ပဒေသာဗုံး (Cluster Munitions) တပ်ဆင်ထားသော တာတိုပစ် ပဲ့ထိန်းဒုံးကျည် အမြောက်အမြားကို စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း အစိုးရပိုင် KCNA ကိုရီးယား ဗဟို သတင်း အေဂျင်စီ က ဧပြီလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ 

၎င်းသည် နျူကလီးယားလက်နက်ပိုင်ဆိုင်ထားပြီဖြစ်သော မြောက်ကိုရီးယား၏ ဆက်တိုက်လုပ်ဆောင်နေသော လက်နက် စမ်းသပ်မှု တစ်ခုလည်း ဖြစ်သည်၊။

ခေါင်းဆောင် ကင်ဂျုံအန်း ကိုယ်တိုင် ကြီးကြပ်ကွပ်ကဲခဲ့သည့် တနင်္ဂနွေနေ့က စမ်းသပ်မှုများသည် နည်းဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည်များတွင် အသုံးပြုထားသည့် ပဒေသာဗုံးထိပ်ဖူးနှင့် အပိုင်းအစများ ပြန့်ကျဲစေသော မိုင်းဗုံးထိပ်ဖူး (Fragmentation mine warhead) တို့၏ ဝိသေသလက္ခဏာများနှင့် စွမ်းအားကို အတည်ပြုရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) က ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်များအတွင်း မြောက်ကိုရီးယားသည် ပဲ့ထိန်းဒုံးကျည်များ၊ သင်္ဘောဖျက် ခရုဇ်ဒုံးကျည်များနှင့် ပဒေသာဗုံးများ အပါအဝင် လက်နက်စမ်းသပ်မှုများကို ဆက်တိုက်လုပ်ဆောင်ခဲ့သည်။

ယခု စမ်းသပ်မှု ပြုရာတွင် မြေပြင်မှ မြေပြင်ပစ် နည်းဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည် Hwasongpho-11 Ra ကို အသုံးပြုခဲ့သည်။ 

ပစ်ခတ်သည့်နေရာမှ ၁၃၆ ကီလိုမီတာ (၈၅ မိုင်) အကွာရှိ ကျွန်းတစ်ကျွန်းကို ချိန်ရွယ် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ 

စမ်းသပ်ရာတွင် ၁၂.၅ ဟက်တာမှ ၁၃ ဟက်တာ (၃ ဧကနီးပါး) အတွင်းရှိ ဧရိယာကို အလွန်သိပ်သည်းစွာ ထိမှန်ခဲ့ပြီး တိုက်ခိုက်ရေးစွမ်းရည်ကို အပြည့်အဝ ပြသနိုင်ခဲ့သည်ဟု ဆိုသည်။ 

ခေါင်းဆောင် ကင်ဂျုံအန်းက “ပဒေသာဗုံးထိပ်ဖူးများ တိုးတက်လာခြင်းသည် သတ်မှတ်ထားသော ပစ်မှတ်ဧရိယာကို သိပ်သည်းဆမြင့်မားစွာဖြင့် အင်တိုက်အားတိုက် တိုက်ခိုက်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်မည်” ဟု ပြောကြားကာ စမ်းသပ်မှုရလဒ်အပေါ် များစွာကျေနပ်အားရမှု ရှိကြောင်း ဖော်ပြခဲ့သည်။

ကိုရီးယား အမျိုးသားပြန်လည်ပေါင်းစည်းရေး အင်စတီကျုမှ အကြီးတန်းသုတေသနအရာရှိ Hong Min က “ဒီစနစ်ဟာ ဒုံးပျံလွှတ်စင်တွေနဲ့ တာတိုပစ် ပဲ့ထိန်းဒုံးကျည်တွေကြားက ကွာဟချက်ကို ဖြည့်ဆည်းဖို့ ဒီဇိုင်းထုတ်ထားတာဖြစ်ပြီး ဆိုးလ်မြို့နဲ့ အမေရိကန် စစ်အခြေစိုက်စခန်းတွေကိုပါ ပစ်မှတ်ထားနိုင်တဲ့ အကွာအဝေးဖြစ်တယ်” ဟု ဆိုသည်။ 

အခြားတစ်ဖက်တွင် တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက မြောက်ကိုရီးယား၏ ရန်စမှုများသည် တင်းမာမှုများကို မြင့်တက်စေကြောင်း ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး၊ အမေရိကန်နှင့် ပူးပေါင်းကာ ခိုင်မာသော ကာကွယ်ရေး အနေအထားကို ထိန်းသိမ်းထားမည်ဟု ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ၎င်း၏ ရေတပ်အင်အားကိုလည်း အရှိန်အဟုန်ဖြင့် မြှင့်တင်နေပြီး လက်ရှိတွင် တန်ချိန် ၅,၀၀၀ အဆင့်ရှိ ဖျက်သင်္ဘော (Destroyer) နှစ်စင်း ပိုင်ဆိုင်ထားသည့်အပြင်၊ နောက်ထပ် ဖျက်သင်္ဘော နှစ်စင်း ကိုလည်း ထပ်မံတည်ဆောက်နေသည်ဟု သတင်းများတွင် ဖော်ပြသည်။ 

လေ့လာသူများက မြောက်ကိုရီးယားသည် ရုရှားနိုင်ငံထံမှ စစ်ရေးဆိုင်ရာ နည်းပညာအကူအညီများ ရယူကာ ရေတပ်အင်အားကို ခေတ်မီအောင် ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ဆိုသည်။