ကျေးရွာ အုပ်ချုပ်ရေးမှူး ကို လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၇ ရက်။
ထားဝယ်တွင် ရှင်မုတ္ထီးကျေးရွာ အုပ်ချုပ်ရေးမှူးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မိသားစုနှင့်နီးစပ်သူများက ပြောသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ရှိ ရှင်မုတ္ထီးကျေးရွာအုပ်ချုပ်ရေးမှူးကို လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ဖမ်းဆီးသွားပြီးနောက် ယနေ့တိုင် ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘဲ ပျောက်ဆုံးနေကြောင်း ဒေသခံများက ပြောသည်။
အသက် (၄၀) ကျော်အရွယ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသက်စိုးပိုင်သည် ဧပြီလ ၂၃ ရက်နေ့ ညနေပိုင်းက ရှင်မုတ္ထီးနှင့် ရောင်းမော်ကျေးရွာကို ဆက်သွယ်ထားသည့် လမ်းပိုင်းရှိ ဈေးဆိုင်တစ်ဆိုင်တွင် ပစ္စည်း ဝင်ဝယ်နေစဉ် လက်နက်ကိုင်များက လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်သည်။
အသက် (၅၀) ခန့်အရွယ် ရှင်မုတ္ထီးရွာသားတစ်ဦးက “ဈေးဆိုင်မှာ ပစ္စည်းဝင်ဝယ်နေတုန်း မေးမြန်းစရာရှိလို့ ဆိုပြီး အေးအေးဆေးဆေးပဲ ခေါ်ဆောင်သွားတယ်။ ရိုက်တာနှက်တာမျိုးတော့ မရှိဘူး” ဟု ပြောသည်။
ဖမ်းဆီးခေါ်ဆောင်သွားသည့် လက်နက်ကိုင်အဖွဲ့မှာ မည်သည့်အဖွဲ့အစည်း ဖြစ်သည်ကို တိတိကျကျ မသိရ သေးသလို မည်သည့် အကြောင်းအရင်းကြောင့် ဖမ်းဆီးသွားသည်ကိုလည်း လက်ရှိအချိန်အထိ ထုတ်ပြန် ကြေညာထားခြင်း မရှိသေးပေ။
ဦးသက်စိုးပိုင်နှင့် နီးစပ်သူ အမျိုးသားတစ်ဦးကမူ ယနေ့အချိန်ထိ ၎င်းမှာ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း အတည်ပြုသည်။
ရှင်မုတ္ထီးကျေးရွာသည် ထားဝယ်မြို့၏ အရှေ့တောင်ဘက် (၆) မိုင်ခန့်အကွာတွင် တည်ရှိပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ (၄,၀၀၀) ကျော် နေထိုင်သည့် ကျေးရွာကြီးတစ်ရွာ ဖြစ်သည်။
ယခုကဲ့သို့ လူစည်ကားရာ လမ်းပိုင်းရှိ ဆိုင်အတွင်း၌ပင် ကျေးရွာအုပ်ချုပ်ရေးမှူး ဖမ်းဆီးခံရခြင်းကြောင့် ဒေသခံများအတွင်း လုံခြုံရေးအရ စိုးရိမ်မှုများ မြင့်တက်နေသည်။
တနင်္သာရီတိုင်း အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများသည် မကြာခဏဆိုသလို ဖမ်းဆီးခံရခြင်း သို့မဟုတ် ပစ်ခတ်ခံရခြင်းများ ရှိနေပြီး ယခုဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ နယ်မြေခံလုံခြုံရေးအဖွဲ့များဘက်မှ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။