ယာယီနေထိုင်ခွင့် TPS အကာအကွယ်ပေးရေးကိစ္စ အစိုးရဘက်က နိုင်ချေများလာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်။
အမေရိကန်ပြည်ထောင်စုတွင် စစ်ဘေးနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ယာယီနေထိုင်ခွင့် (TPS) ရရှိထားသည့် ဟေတီနှင့် ဆီးရီးယားအပါအဝင် နိုင်ငံခြားသား တစ်သန်းကျော်အား နေရပ်ပြန်ပို့မည့် သမ္မတထရမ့်၏ မူဝါဒအပေါ် အမေရိကန်တရားရုံးချုပ်တွင် ဗုဒ္ဓဟူးနေ့က ကြားနာစစ်ဆေးခဲ့သည်။
ထရမ့်အစိုးရ၏ ရှေ့နေချုပ် D. John Sauer က ဥပဒေကြောင်းအရ အစိုးရ၏ ဆုံးဖြတ်ချက်ကို တရားရုံးက ပြန်လည်သုံးသပ်ပိုင်ခွင့်မရှိကြောင်း တင်းခံလျှောက်လဲခဲ့သည်။
လစ်ဘရယ်တရားသူကြီးများဖြစ်သော Sotomayor၊ Kagan နှင့် Jackson တို့က အစိုးရ၏လုပ်ရပ်သည် လူမျိုးရေးခွဲခြားမှုကို အခြေခံခြင်း ရှိ၊ မရှိနှင့် အုပ်ချုပ်ရေးပိုင်း၏ လုပ်ပိုင်ခွင့်ကို တရားစီရင်ရေးက ထိန်းကျောင်းနိုင်စွမ်း မရှိတော့သည့်အခြေအနေအပေါ် ပြင်းထန်စွာ မေးခွန်းထုတ်ခဲ့ကြသည်။
တရားရုံးချုပ်၏ ကွန်ဆာဗေးတစ်အများစုက ထရမ့်အစိုးရ၏ မူဝါဒကို ခွင့်ပြုပေးမည့် အလားအလာရှိနေသည်။
တစ်နေ့တည်းမှာပင် “မဲပေးပိုင်ခွင့်အက်ဥပဒေ” (Voting Rights Act) ပါ အချက်အလက်အချို့ကိုလည်း ၆ မဲ – ၃ မဲဖြင့် ပယ်ဖျက်ခဲ့သဖြင့် သမ္မတထရမ့်အတွက် နိုင်ငံရေးအရ အသာစီးရသည့် အနေအထားသို့ ရောက်ရှိနေသည်။