အမေရိကန် တရားရုံးက TPS ကာကွယ်မှု အဆင့်အတန်း ရုတ်သိမ်းခွင့်ပြု
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်။
အမေရိကန်ပြည်ထောင်စု တရားရုံးချုပ်သည် သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့အနေဖြင့် ဟေတီနှင့် ဆီးရီးယားနိုင်ငံတို့မှ ရွှေ့ပြောင်းနေထိုင်သူများအား ပေးအပ်ထားသည့် ယာယီ ကာကွယ်စောင့်ရှောက်ခွင့် အဆင့်အတန်း (TPS) အစီအစဉ်ကို ရုပ်သိမ်းခွင့်ပြုရန် ကြာသပတေးနေ့က ဆုံးဖြတ်ချက်ချမှတ်လိုက်သည်။
အဆိုပါ ဆုံးဖြတ်ချက်ကြောင့် အမေရိကန်ပြည်ထောင်စုအတွင်း ခိုလှုံခွင့်ရရှိထားသည့် ရွှေ့ပြောင်းနေထိုင်သူ အနည်းဆုံး လူပေါင်း ရာနှင့်ချီကာ နေရပ်ပြန်ပို့ခံရမည့် ဘေးအန္တရာယ် သို့မဟုတ် ပြည်နှင်ဒဏ်ပေးခံရမည့် အခြေအနေများနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။
တရားရုံးချုပ် တရားသူကြီး ၉ ဦးအနက် ၆ ဦးက ထောက်ခံပြီး ၃ ဦးက ကန့်ကွက်ခဲ့သည့် အဆိုပါ ဆုံးဖြတ်ချက်သည် အောက်ခြေတရားရုံးများ၏ ပိတ်ပင်တားဆီးချက် အမိန့်များကို ပယ်ဖျက်ပေးလိုက်ခြင်း ဖြစ်သည်။
တရားရုံးချုပ်က အမိမြေလုံခြုံရေးဝန်ကြီးဌာန၏ မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်များအပေါ် တရားရုံးများအနေဖြင့် ကြားဝင်စွက်ဖက်ပိုင်ခွင့်မရှိဟု အဓိက သတ်မှတ်ချက် ထုတ်ပြန်ခဲ့သည်။
ယခု ဆုံးဖြတ်ချက်တွင် မြန်မာနိုင်ငံသားများ တိုက်ရိုက်ပါဝင်ခြင်း မရှိပေ။
သို့သော်လည်း အကယ်၍ သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့က မြန်မာနိုင်ငံသားများအပေါ် ပေးထားသည့် TPS ကိုပါ ထပ်မံရုပ်သိမ်းခဲ့ပါက ရွှေ့ပြောင်းနေထိုင်သူများအနေဖြင့် တရားရုံးလမ်းကြောင်းမှတစ်ဆင့် ဥပဒေအရ ခုခံကာကွယ်နိုင်ခွင့် အခွင့်အလမ်း အလွန်နည်းပါးသွားပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ရှေ့နေများက ထောက်ပြကြသည်။
လူဝင်မှုကြီးကြပ်ရေး ရှေ့နေများ၏ အဆိုအရ ဟေတီနှင့် ဆီးရီးယားနိုင်ငံများသည် လက်ရှိအချိန်အထိ နေရပ်ပြန်ရန် လုံခြုံမှုမရှိသေးဟု ဆိုသည်။
ထို့ပြင် ထရမ့်အစိုးရသည် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်းက “ဟေတီလူမျိုးများသည် အိမ်မွေးတိရစ္ဆာန် ခွေးနှင့် ကြောင်များကို ဖမ်းယူစားသောက်နေသည်” ဟု အခြေအမြစ်မရှိသော သတင်းမှားများ ဖြန့်ဝေခဲ့ဖူးသဖြင့် ယခုလုပ်ရပ်သည် လူမျိုးရေးခွဲခြားမှုကို အခြေခံ၍ အလျင်စလို ရုပ်သိမ်းခြင်းဖြစ်ကြောင်း စွပ်စွဲပြစ်တင်ထားသည်။
သို့သော်လည်း တရားရုံးချုပ်က ယခုလုပ်ရပ်သည် လူမျိုးရေးခွဲခြားမှုကြောင့် လုပ်ဆောင်ခြင်းဖြစ်သည်ဟူသော သက်သေအထောက်အထား မလုံလောက်ကြောင်း တုံ့ပြန်ခဲ့သည်။
အမေရိကန်ပြည်ထောင်စုတွင် သဘာဝဘေးအန္တရာယ်နှင့် စစ်မက်ဖြစ်ပွားရာနိုင်ငံများမှ ရွှေ့ပြောင်းလာသူများကို အကာအကွယ်ပေးရန် ၁၉၉၀ ပြည့်နှစ်ကတည်းက ပြဌာန်းခဲ့သည့် အဆိုပါ TPS အစီအစဉ်ကို သမ္မတထရမ့်၏ ဒုတိယသက်တမ်း စတင်သည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှစ၍ လက်ရှိအချိန်အထိ နိုင်ငံပေါင်း ၁၃ နိုင်ငံအတွက် ရုပ်သိမ်းခဲ့ပြီးဖြစ်သည်။
မြန်မာနိုင်ငံမှ ရွှေ့ပြောင်းသူများအတွက် TPS အဆင့်အတန်းကိုမူ ရုတ်သိမ်းခြင်း မရှိသေးပေ။