မိုးကုတ်တွင် စစ်တပ်က စစ်ကား ၃၀ ခန့်ဖြင့် စစ်အင်အားဖြည့်တင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်။  

မန္တလေးတိုင်း၊ မိုးကုတ်မြို့အတွင်းသို့ စစ်တပ်က လူအင်အားနှင့် လက်နက်ခဲယမ်းများ အပြည့်တင်ဆောင်လာ သည့် စစ်ကားအစီးရေ ၃၀ နီးပါးဖြင့် စစ်အင်အားများ ဖြည့်တင်းနေကြောင်း မြို့ခံများနှင့် စစ်ရေး သတင်း ရင်းမြစ်များက ပြောသည်။

ဧပြီလ ၂၉ ရက်နေ့၊ ညနေပိုင်းတွင် ပြင်ဦးလွင်ဘက်မှတစ်ဆင့် စစ်ယူနီဖောင်းအပြည့်အစုံ ဝတ်ဆင်ထားသည့် စစ်သားများ တင်ဆောင်လာသည့် စစ်ကားအစီးရေ ၂၀ ကျော်မှာ မိုးကုတ်မြို့အတွင်းသို့ ရောက်ရှိလာခြင်း ဖြစ်သည်ဟု ဆိုသည်။

မိုးကုတ်မြို့ စစ်ရေးသတင်းရင်းမြစ်နှင့် နီးစပ်သူတစ်ဦးက စစ်ကားက ၂၀ ကျော်တယ်ပေါ့နော်။ တချို့ပြောက အစီးရေ ၂၅ စီး၊ ၂၃ စီး အဲ့လိုပြောကြတယ်ဗျ။ အဲ့ဒီစစ်ကားတွေ ထပ်ရောက်လာတာ။ ကားတိုင်းမှာလည်း စစ်သားတွေ ပါလာတယ်။ ပြီးခဲယမ်းသယ်တဲ့ကားတွေပေါ့၊ ပြောရမယ်ဆိုရင် စစ်မိုးကာကြီးတွေ အလုံပိတ် ထားတဲ့ ကားကြီးတွေလည်း ရောက်ထားတယ်ဆိုတော့ မိုးကုတ်တစ်ဝိုက် နယ်မြေရှင်းလင်းဖို့ ဒါမှမဟုတ် အနီးနားက မိုးမိတ်နဲ့ မဘိမ်းဘက်ကို စစ်ကြောင်းထိုးဖို့ ပြင်နေတာလို့ ခန့်မှန်းရတယ် ဟု ပြောသည်။ 

ထို့အပြင် လက်နက်ခဲယမ်းများ တင်ဆောင်လာသည့် စစ်ကား အများအပြား ရောက်ရှိနေသည်ဟု မြို့ခံအချို့က ဆိုသည်။

လက်ရှိတွင် မိုးကုတ်မြို့လယ်ကောင်၌ စစ်တပ် လက်အောက်ခံ တပ်သားများက သွားလာလှုပ်ရှားနေကြသဖြင့် မြို့ခံများအကြား စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။ 

မြို့ခံတစ်ဦးက မြို့ထဲမှာ စစ်ကား ၁၀ စီးလောက် လက်နက်တွေနဲ့ သွားနေတာ တွေ့ခဲ့ရတယ်။ ပြင်ဦးလွင် လမ်းဘက်ကနေ ဝင်လာတာဗျ။ စစ်ကားတွေ ရောက်လာပြီးမှ ပေါ်တာဆွဲတာတွေ၊ စစ်သားစုဆောင်းတာတွေ လုပ်လာမှာစိုးလို့ အခုဆို လူတွေက သတိနဲ့ သွားလာနေကြရတယ်။ နောက်ပြီး သူတို့က မထင်ရင်မထင်သလို လူတွေကို ဖမ်းတာဆီးတာ၊ ခေါ်စစ်တာတွေလုပ်တတ်တယ်ဗျာ။ အထူးသဖြင့် ယောက်ကျားလေးတွေကိုပေါ့။ ဖုန်းပဲတောင်းစစ်သလိုလို ဘာလိုလိုနဲ့ ဖမ်းသွားတတ်တယ်။ အဲ့တော့ သတိထားရတာပေါ့ဗျာနော် ဟု ပြောသည်။

မိုးကုတ်မြို့သည် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ သော်လည်း ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် စစ်တပ်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ရသည့် မြို့ဖြစ်သည်။ 

လက်ရှိတွင် စစ်တပ်က စည်ပင်၊ လဝက နှင့် စီးပွားရေးဘဏ်တို့ကို ဖွင့်လှစ်ကာ အုပ်ချုပ်ရေးယန္တရားကို ပြန်လည် လည်ပတ်ရန် ကြိုးပမ်းနေသော်လည်း မြို့ပြင်ပတ်ဝန်းကျင်တွင် တော်လှန်ရေးတပ်များ လှုပ်ရှားနေဆဲ ဖြစ်သည်။

ထို့အပြင် ပြီးခဲ့သည့် မတ်လအတွင်းကလည်း မိုးကုတ်မြို့ အရှေ့ပိုင်းနှင့် အနောက်ပိုင်းရှိ ဘော်ဗဒါန်းနှင့် ကျောက်ဆင်ကျေးရွာများဘက်တွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ သည်။ 

အဆိုပါ တိုက်ပွဲများကြောင့် စစ်တပ်က စစ်ကူများ ဆက်တိုက် ပို့ဆောင်နေခြင်းဖြစ်ပြီး ရှေ့တန်းစစ်မျက်နှာများ တွင်လည်း တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည်ဟု ဒေသခံများက ပြောသည်။

ဓာတ်ပုံ-ပုံဟောင်း