အိန္ဒိယ ရေတပ် ဦးစီးချုပ် မြန်မာနိုင်ငံသို့ လာရောက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၄ ရက်။
၂၀၂၆ ခုနှစ် မေလ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh K Tripathi သည် မြန်မာနိုင်ငံသို့ ၄ ရက်တာ လာရောက်မည်ဟု The Economic Times, Indian Awaaz အပါအဝင် သတင်းဌာန အများအပြားတွင် ဖော်ပြထားသည်။
၂ ရက်နေ့တွင် အိန္ဒိယ ရေတပ်ဦးစီးချုပ်သည် မြန်မာ့ရေတပ်၏ စစ်ရေယာဉ် UMS ကျန်စစ်သား (F12) ပေါ်သို့ တက်ရောက်လေ့လာခဲ့ရာ အမှတ် (၁) ရေယာဉ်စုမှူး ဗိုလ်မှူးကြီး ကျော်သက်နိုင်က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့သည်။
ဤခရီးစဉ်မှာ ဘင်္ဂလားပင်လယ်အော်အတွင်းမှ တရုတ်နှင့် အိန္ဒိယ အာရှအင်အားကြီးနှစ်နိုင်ငံ၏ ဩဇာပြိုင်ပွဲတွင် အိန္ဒိယက ၎င်း၏ကစားကွက်ကို ခိုင်မာအောင် ထပ်မံခင်းကျင်းလိုက်ခြင်းပင် ဖြစ်သည်။
မြန်မာနိုင်ငံသည် ပထဝီနိုင်ငံရေးအရ တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်ဖြစ်သကဲ့သို့၊ အိန္ဒိယနိုင်ငံအတွက်လည်း ၎င်း၏ “Act East” မူဝါဒအရ အရှေ့တောင်အာရှသို့ ဆက်သွယ်ပေးသည့် တစ်ခုတည်းသော တံခါးပေါက်ဖြစ်သည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် စီးပွားရေးအရ အသာစီးရယူထားသည်။
တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC)၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများသည် တရုတ်၏ “ပတ်လမ်းတစ်ခု၊ လမ်းကြောင်းတစ်ခု” (BRI) စီမံကိန်း၏ အစိတ်အပိုင်းများဖြစ်သည်။
တရုတ်၏ ဩဇာမှာ ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများနှင့် နိုင်ငံတကာစင်မြင့်တွင် မြန်မာကို အကာအကွယ်ပေးသည့် အခန်းကဏ္ဍတို့အပေါ် အခြေခံထားသည်။
အိန္ဒိယနိုင်ငံသည် တရုတ်ကဲ့သို့ စီးပွားရေးအရ အလုံးအရင်းနှင့် မဝင်ရောက်နိုင်သော်လည်း လုံခြုံရေး မိတ်ဖက်အဖြစ် ပုံဖော်ကာ ဩဇာတည်ဆောက်သည်။
Admiral Tripathi ၏ ယခုခရီးစဉ်တွင် မြန်မာ့ရေတပ်သို့ စစ်ဘက်သုံးပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ ပူးတွဲကင်းလှည့်ခြင်း (IMCOR) နှင့် နည်းပညာဖလှယ်ခြင်းတို့လုပ်ဆောင်ခဲ့သည်။
ဤခရီးစဉ်အတွင်း မြန်မာ့တပ်မတော်မှ စစ်ဘက်ဆိုင်ရာ ထိပ်သီးခေါင်းဆောင်များနှင့် တွေ့ဆုံကာ ရေကြောင်းလုံခြုံရေးနှင့် ကာကွယ်ရေးကဏ္ဍဆိုင်ရာ ပစ္စည်းကိရိယာများ လွှဲပြောင်းပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့သည်။
အိန္ဒိယရေတပ်ဦးစီးချုပ်သည် ရန်ကုန်မြို့ရှိ ဗဟိုရေတပ်ကွပ်ကဲမှုဌာနချုပ်နှင့် ရေတပ်လေ့ကျင့်ရေး ဌာနချုပ်တို့သို့ သွားရောက်ခဲ့ပြီး ဗဟိုရေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ရေတပ်ဗိုလ်ချုပ် အောင်အောင်နိုင်၊ ရေတပ်လေ့ကျင့်ရေးဌာနချုပ်မှူး ရေတပ်ဗိုလ်ချုပ် ခွန်အောင်ကျော် တို့နှင့် တွေ့ဆုံခဲ့သည်။
ထို့အပြင် ခရီးစဉ်အတွင်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင် နှင့် ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထိန်ဝင်း တို့နှင့်လည်း တွေ့ဆုံရန် အစီအစဉ်ရှိထားသည်။
မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ ‘Neighbourhood First’ (အိမ်နီးချင်းဦးစားပေး)၊ ‘Act East’ နှင့် ‘MAHASAGAR’ (ဒေသတွင်း အားလုံးအတွက် လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး) မူဝါဒများအရ အလွန်အရေးပါသော မဟာဗျူဟာမြောက် အိမ်နီးချင်းနိုင်ငံဖြစ်သည်။
နိုင်ငံနှစ်ခုသည် ၁,၆၄၀ ကီလိုမီတာ ရှည်လျားသော ကုန်းတွဲနယ်နိမိတ်ကို မျှဝေထားသည်။
အိန္ဒိယနှင့် မြန်မာရေတပ်တို့သည် IMNEX ရေတပ်လေ့ကျင့်ခန်း၊ IMCOR ပူးတွဲကင်းလှည့်ခြင်းနှင့် ရေကြောင်းမြေပုံတိုင်းတာခြင်း (Hydrography surveys) တို့တွင် ပုံမှန်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ယခု ခရီးစဉ်အတွင်း Admiral Tripathi သည် မြန်မာ့တပ်မတော် အာဇာနည်ဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေးပြုခြင်းကိုလည်း ပြုလုပ်သွားမည်ဖြစ်သည်။
Photo-Indian Navy