ကယ်လီဖိုးနီးယား မြို့တော်ဝန်ဟောင်း တရုတ် စပိုင်လုပ်မှုဖြင့် စွဲချက်တင်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၁၂ ရက်။
အမေရိကန်ပြည်ထောင်စုတွင် တရုတ်အစိုးရ၏ လျှို့ဝှက်အကျိုးဆောင်အဖြစ် ဆောင်ရွက်ခဲ့သည့် ကယ်လီဖိုးနီးယားပြည်နယ်၊ အာကေးဒီးယား (Arcadia) မြို့၏ မြို့တော်ဝန်ဟောင်း အိုင်လင်းဝမ် (Eileen Wang) ကို ဖက်ဒရယ်အစိုးရက တရားစွဲဆိုလိုက်သည်။
အိုင်လင်းဝမ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ တရားမဝင်အကျိုးဆောင်အဖြစ် လျှို့ဝှက်ဆောင်ရွက်ခဲ့မှုဖြင့် တရားစွဲဆိုခံရခြင်းဖြစ်သည်။
ဖက်ဒရယ်အစိုးရရှေ့နေများ၏ ထုတ်ပြန်ချက်အရ သူမသည် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၂ ခုနှစ်အတွင်း တရုတ်အစိုးရအရာရှိများ၏ ညွှန်ကြားချက်နှင့် ထိန်းချုပ်မှုအောက်တွင် အလုပ်လုပ်ခဲ့ပြီး တရုတ်အစိုးရလိုလားသည့် ဝါဒဖြန့်သတင်းများ ဖြန့်ဝေရန် လျှို့ဝှက်ညှိနှိုင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ဆောင်ရွက်ရာတွင် အမေရိကန်ဥပဒေအရ ရှေ့နေချုပ်ထံ အကြောင်းကြားရမည့် လုပ်ငန်းစဉ်များကိုလည်း တမင်ချန်လှပ်ထားခဲ့သည်ဟု ဆိုသည်။
စုံစမ်းစစ်ဆေးမှုများအရ အိုင်လင်းဝမ်သည် ဒေသတွင်းသတင်းဌာနအဖြစ် အယောင်ဆောင်ထားသည့် ဝက်ဘ်ဆိုက်တစ်ခုကို တရုတ်အေးဂျင့်များနှင့် ပူးပေါင်းဖွင့်လှစ်ကာ တရုတ်အစိုးရက ပေးပို့သည့် ဝါဒဖြန့်ဆောင်းပါးများကို ချက်ချင်းဖော်ပြပေးခဲ့သည်။
အထူးသဖြင့် ရှင်ကျန်းဒေသတွင် အတင်းအဓမ္မ လုပ်အားခိုင်းစေမှု စွပ်စွဲချက်များကို ငြင်းဆိုထားသည့် ဆောင်းပါးများကို တရုတ်အရာရှိများ၏ စေခိုင်းချက်အတိုင်း ဖော်ပြပေးခဲ့ခြင်း ဖြစ်သည်။
အိုင်လင်းဝမ်သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် မြို့ကောင်စီဝင်အဖြစ် ရွေးကောက်ခံခဲ့ရပြီးနောက် မြို့တော်ဝန် ဖြစ်လာခဲ့သူဖြစ်သည်။
သူမသည် လက်ရှိတွင် ရာထူးမှ နှုတ်ထွက်သွားပြီဖြစ်ကာ အာကေးဒီးယားမြို့ အာဏာပိုင်များကမူ ယခုကိစ္စမှာ သူမ၏ တစ်ကိုယ်ရေပြစ်မှုသာဖြစ်ပြီး မြို့တော်လုပ်ငန်းများအပေါ် ထိခိုက်မှုမရှိကြောင်း ထုတ်ပြန်ထားသည်။
အိုင်လင်းဝမ်သည် အပြစ်ရှိကြောင်း ဝန်ခံရန် သဘောတူညီထားပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်သည့်အပြင် ဒေါ်လာနှစ်သိန်းခွဲအထိ ဒဏ်ငွေရိုက်ခံရနိုင်ကြောင်း သိရသည်။