ထိုင်း-ကမ္ဘောဒီးယား နယ်စပ် ပစ်ခတ်မှု အချို့ ဖြစ်ပွား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက်။ 

ထိုင်းကမ္ဘောဒီးယား နယ်စပ် အိုစမတ် (O Smach) နယ်စပ်တလျှောက် နေရာအချို့တွင် ယနေ့ ဗုဒ္ဓဟူးနေ့ညနေပိုင်းက ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်များဘက်မှ သေနတ် ၁၁ ချက် ပစ်ခတ်ခဲ့ကြောင်း ထိုင်းတော်ဝင်စစ်တပ်၊ အမှတ် ၂ စစ်ဒေသက ထုတ်ပြန်ကြေညာ လိုက်သည်။ 

လက်ရှိတွင် ထိုင်း နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်များက ၂၄ နာရီပတ်လုံး စောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး အခြေအနေကို ထိန်းချုပ်ထားနိုင်ကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားခဲ့သည်ဟု Khaosod သတင်းဌာနက ထုတ်ပြန်သည်။ 

ယနေ့ အစောပိုင်းတွင်လည်း အိုစမတ်ဝင်ပေါက်လမ်းအနီးရှိ ဆူးကြိုးခြံစည်းရိုးသို့ အနောက်နိုင်ငံသားတစ်ဦး ချဉ်းကပ်လာသည်ကို တွေ့ရှိရသဖြင့် ထိုင်းတာဝန်ရှိသူများက သတိပေးပစ်ခတ်မှု နှစ်ချက် ပြုလုပ်ခဲ့သည်။ 

နယ်စပ်ဒေသအတွင်း ကျူးကျော်ဝင်ရောက်မှုများကို တားဆီးရန်နှင့် နယ်စပ်လုံခြုံရေးကို ထိခိုက်စေနိုင်သည့် နားလည်မှုလွဲမှားမှုများ မဖြစ်ပွားစေရန်အတွက် ယခုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်များက အတည်ပြုပြောကြားထားပါသည်။

O Smach မြို့မှာ ကမ္ဘောဒီးယား နိုင်ငံ အနောက်မြောက်ပိုင်းရှိ နယ်စပ်မြို့ငယ်လေး ဖြစ်သည်။ ထိုင်းနိုင်ငံ၊ ဆူရင်ခရိုင် (Surin Province) မှ Chong Chom (ချောင်ချွန်) နယ်စပ်ဂိတ်နှင့် တိုက်ရိုက်ထိစပ်နေသည့် အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်တစ်ခု ဖြစ်သည်။ 

ထိုင်းနိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံသို့ ကုန်းလမ်းမှ ဝင်ရောက်ဖရန်အတွက် အဓိကအသုံးပြုသော ဂိတ်များထဲမှ ဂိတ်တစ်ခု ဖြစ်သည်။ 

ဤနယ်စပ်ဂိတ်နေရာကို ကာစီနိုရုံများ၊ ဟိုတယ်များနှင့် နယ်စပ်အရောင်းအဝယ် လုပ်ငန်းများကြောင့် လူသိများသည်။