စစ်တပ်ထိုးစစ်ကြောင့် ဖရူဆိုစစ်ရှောင် တစ်ထောင်ကျော် ဒုက္ခရောက်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်။
ကရင်နီ (ကယား) ပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်းသို့ စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် မြေပြင်တိုက်ပွဲများ ပြင်းထန်လာကာ ဒေသခံ ပြည်သူတစ်ထောင်ကျော်ခန့်မှာ ဘေးလွတ်ရာသို့ ထပ်မံတိမ်းရှောင်နေကြရသည်။
စစ်တပ်သည် စစ်ဘေးရှောင်စခန်းများ၊ ဒေသခံများ နေထိုင်သည့် ကျေးရွာများနှင့် ဆေးပေးခန်းများကိုပါ မကျန် လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းလိုင်းများ အသုံးပြုကာ အရှိန်အဟုန်မြှင့် တိုက်ခိုက်နေခြင်း ဖြစ် သည်။
ယခုတစ်ကြိမ် စစ်တပ်၏ စစ်ဆင်ရေးသည် ယခင်ကထက် ပိုမိုပြင်းထန်လာပြီး ဒေသခံများအပေါ် အကြမ်းဖက် မှုများ ပေါ်ပေါ်ထင်ထင် ပြုလုပ်လာကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။
စစ်ဘေးရှောင်ကူညီရေးအဖွဲ့ KHAI ပရိုဂရမ် မန်နေဂျာဖြစ်သူ ခူးဒူးရယ်က “ဒီတစ်ခါ စစ်ကြောင်းထိုးတာက တော့ ပိုမိုပြီးတော့မှ စစ်ကောင်စီဘက်က နယ်မြေလုံခြုံရေးတွေ ပိုမိုယူလာတာမျိုးတွေကျတော့ ဒီရွာတွေကို ဒီတခါကျတော့ မီးရှို့တာတွေ ပိုမိုလုပ်ဆောင်လာတယ်။ အဲဒါပြီးတော့မှ ဒီစစ်ဘေးရှောင် အပြစ်မဲ့ပြည်သူတွေကို လည်း ဒရုန်းနဲ့ လိုက်ကြဲတာတို့၊ တွေ့ကရာ လမ်းမှာတွေ့ရင်ပဲဖြစ်ဖြစ် ကျနော်တို့ကို တစ်ခါတည်း သတ်ဖြတ် လိုက်တာမျိုးတွေ လုပ်လာတဲ့အခါကျတော့ လူထုတွေကတော့ မပြေးရဲကြတော့ဘူး။ ပြီးတော့မှ ထပ်ပြီးတော့ မှ အနီးစပ်ဆုံး လုံခြုံတဲ့နေရာတွေကို ထပ်ပြီးတော့မှ တိမ်းရှောင်ကြတာမျိုးတွေ ရှိတာပေါ့နော်” ဟု ပြောသည်။
မေလအစောပိုင်းမှ စတင်ကာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလှသည့် ဖရူဆိုမြို့နယ်ထဲရှိ ကျေးရွာ နှစ်ရွာသို့ စစ်တပ်က အရှိန်အဟုန်ဖြင့် ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်သည်။
၎င်းစစ်ဘေးရှောင်များသည် အာဏာသိမ်းပြီး (၂၀၂၁ ခုနှစ်) ကတည်းက မြို့ရွာများကို စွန့်ခွာကာ အကြိမ်ကြိမ် ပြေးလွှားခဲ့ရသူများဖြစ်ပြီး၊ ယခုအခါတွင်မူ နီးစပ်ရာ တောတောင် လျှိုမြှောင်များထဲ၌သာ ကပ်သီးကပ်သတ် ခိုလှုံနေကြရသည်။
ခူးဒူးရယ်က “ဖရူဆိုမြို့နယ်ကလည်း စောစောကတည်းက လမ်းပန်းဆက်သွယ်ရေး ခက်ခဲတယ်။ ခုနက ပြော တဲ့ အချက်အလက်ထဲမှာ ပါတဲ့အခါကျတော့ လိုအပ်ချက်ကတော့ ပိုမိုမြင့်မားလာတယ်လို့ ပြောလို့ရတာပေါ့ နော်။ အဓိက လိုအပ်ချက်ဆိုတာထက် အဖက်ဖက်က လိုအပ်ချက်က ပိုမိုများပြားနေတယ်လို့တော့ သုံးသပ်လို့ ရတာပေါ့နော်။ အဲဒါပြီးတော့မှ စစ်ရှောင်ကလည်း ကျနော်တို့ ဒီ ၂၀၂၁ ကတည်းက စရှောင်ထားတဲ့ စစ်ရှောင် တွေလည်း ဖြစ်သလို သူက အခြေအနေကောင်းရင် နာရီပိုင်းလောက် ပြန်နေကြတယ်။ အခြေအနေမကောင်း ရင် ရှောင်ကြတယ်၊ အဲလိုမျိုးတွေ လုပ်နေကြတဲ့လူတွေပေါ့နော်” ဟု ဆက်ပြောသည်။
လက်ရှိ တောတောင်ထဲတွင် ပုန်းရှောင်နေရသည့် စစ်ဘေးရှောင်များထဲတွင် မသန်စွမ်းသူများ၊ နို့စို့အရွယ် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် သက်ကြီးရွယ်အို အများစု ပါဝင်နေပြီး ၎င်းတို့အတွက် အခြေခံ စားနပ်ရိက္ခာအပြင် ဆေးဝါးနှင့် အာဟာရများ လိုအပ်လျက်ရှိသည်။
မြေပြင်သတင်းရင်းမြစ်များ၏ အဆိုအရ စစ်တပ်သည် ဒီးမော့ဆို – ဖရူဆို – ဘောလခဲ လမ်းမကြီးကို အမြန်ဆုံး ပြန်လည်စိုးမိုး ဖွင့်လှစ်နိုင်ရန်အတွက် လမ်းမကြီးတစ်လျှောက်ရှိ ကျေးရွာများထဲသို့ စစ်ကြောင်း ထိုးဝင်ရောက် ကာ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် တပ်စွဲခြင်းများကို ပြုလုပ်နေကြခြင်းဖြစ်သည်။
စစ်တပ်သည် ပြီးခဲ့သည့် မတ်လနှောင်းပိုင်းနှင့် မေလအစောပိုင်း ကာလများအတွင်း ဖရူဆိုမြို့နယ်ရှိ ကျေးရွာ ၃ ရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့သဖြင့် လူနေအိမ် ၈၀ ကျော်အထိ မီးလောင်ပြာကျ ပျက်စီးခဲ့ရသည်။