ISP-Myanmar ဦးဆောင်သူ ဦးမင်းဇင်ကို တရုတ်ဖမ်းထားကြောင်း အတည်ပြု

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်။ 

မြန်မာ့အရေးသုတေသန အဖွဲ့အစည်းတစ်ခုကို ဦးဆောင်နေသူ အမေရိကန်နိုင်ငံသား ဦးမင်းဇင်အား သူလျှိုလုပ်မှု၊ တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ထိခိုက်စေမှုတို့ဖြင့် သံသယရှိသဖြင့် ဖမ်းဆီးထိန်းသိမ်းထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ သောကြာနေ့တွင် အတည်ပြုပြောကြားလိုက်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန့်က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် “ဦးမင်းဇင်အား သူလျှိုလုပ်မှုနှင့် တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ဘေးအန္တရာယ်ကျရောက်စေမှု သံသယများဖြင့် သက်ဆိုင်ရာအာဏာပိုင်များက ဥပဒေနှင့်အညီ ပြစ်မှုကြောင်းအရ ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်ကြောင်း သိရသည်” ဟု ပြောကြားခဲ့ကြောင်း ရိုက်တာ သတင်းဌာနက သတင်း ထုတ်ပြန်ထားသည်။ 

ထို့အပြင် ၎င်းအား ဖမ်းဆီးထားကြောင်းကို တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ကျိုးမြို့ရှိ အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံးသို့ အကြောင်းကြားထားပြီးဖြစ်ကြောင်းလည်း တရုတ် နိုင်ငံခြားရေး ဌာနက ဖြည့်စွက်ပြောဆိုသည်။

မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ (ISP-Myanmar) ၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ ဦးမင်းဇင်သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကူမင်းမြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာစဉ် လွန်ခဲ့သည့် နှစ်ပတ်ခန့်က ကူမင်းလေဆိပ်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဖြစ်စဉ်ကိုသိရှိသည့် သတင်းရင်းမြစ်များက ဆိုသည်။

မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ – မြန်မာ (ISP-Myanmar) သည် တရုတ်နိုင်ငံ၏ မြန်မာ့အရေးအပေါ် မဟာဗျူဟာမြောက် ချဉ်းကပ်မှုများနှင့် အကျိုးစီးပွားများ ကို အဓိကထား၍ အချက်အလက်အခြေပြု သုတေသနပြုချက်ပေါင်းများစွာကို စဉ်ဆက်မပြတ် ထုတ်ပြန်ထားပါသည်။

၎င်းတို့ လုပ်ဆောင်ထားသည့် တရုတ်နိုင်ငံနှင့် သက်ဆိုင်သော အဓိက သုတေသနနယ်ပယ်များတွင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) နှင့် မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုများ၊ ၂၀၂၁ စစ်အာဏာသိမ်းမှုအလွန် တရုတ်၏ သံတမန်ရေးနှင့် မူဝါဒအရွေ့များ ၊ မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် တရုတ်၏ ဆက်ဆံရေး နှင့် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးနှင့် အွန်လိုင်း ငွေလိမ်လုပ်ငန်း ကျားဖြန့်များ နှိမ်နင်ရေးတွင် တရုတ်ပါတင်မှုနှင့် မြန်မာ့ စီးပွားရေးအပေါ် ရိုက်ခတ်မှုများ ပါတင်သည်။