ရခိုင်တွင် ဆေးဝါးပြတ်လပ်၍ ဒေသခံများ AA ကျန်းမာရေးဌာနကိုသာ အားကိုးနေရ
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်။
စစ်တပ်၏ ဖြတ်လေးဖြတ်ကြောင့် ဆေးဝါးပြတ်တောက်နေသော မြို့နယ် အချို့ရှိ ပြည်သူများကို အာရက္ခတပ်တော် AA က ဆေးဝါး ကုသမှု ပေးနေရသည်ဟု ကျန်းမာရေး ဝန်ထမ်းများက ပြောသည်။
ရခိုင်ပြည်အတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုများကို စစ်တပ်က အလုံးစုံဖြတ်တောက်ထား သဖြင့် ဆေးဝါးပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသော ဒေသခံပြည်သူများမှာ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အာရက္ခတပ်တော် (AA) ၏ အခမဲ့ဆေးကုသပေးမှုများကိုသာ အဓိကအားထားနေကြရခြင်းဖြစ်သည်။
စစ်တပ်သည် ရခိုင်တိုက်ပွဲများအတွင်း တော်လှန်ရေးတပ်ဖွဲ့များထံသို့ ရိက္ခာ၊ ဆေးဝါးနှင့် ဆက်သွယ်ရေးများ မရောက်ရှိစေရန် ‘ဖြတ်လေးဖြတ်’ ဗျူဟာကို အသုံးပြုကာ ကုန်းလမ်း၊ ရေလမ်းကြောင်းအားလုံးကို ပိတ်ဆို့ထား ခြင်း ဖြစ်သည်။
ထိုသို့ ပိတ်ဆို့ထားမှုကြောင့် အခြေခံပြည်သူများမှာ အသက်ကယ်ဆေးဝါးများပင် ဝယ်ယူရန် ခက်ခဲနေချိန်တွင် AA ကျန်းမာရေးဌာနက မြို့နယ်အချို့၌ ကွင်းဆင်းကုသမှုများ ပြုလုပ်ပေးနေခြင်း ဖြစ်သည်။
တောင်ကုတ်မြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းတစ်ဦးက “လက်ရှိတော့ အေအေကရှိတဲ့ ဆရာဝန်တွေနဲ့ အခမဲ့ကွင်း ဆင်းတာပါ။ သွေးလွန်တုပ်ကွေးရောဂါ၊ အရေပြားရောဂါ၊ ဝမ်းပျော့၊ ဝမ်းနဲ့ပတ်သက်တဲ့ ရောဂါတွေကို အဓိက ကုသပေးတာ။ ကျနော်တို့ဒေသမှာ စစ်တပ်က လမ်းပန်းဆက်သွယ်ရေး ဖြတ်ထားတော့ ဆေးဝါးအခက်အခဲ တချို့ရှိပေမယ့် တတ်နိုင်သလောက်လုပ်ပေးနေပါတယ်” ဟု ပြောသည်။
စစ်တပ်သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ရခိုင်မြေပြင်၌ တိုက်ပွဲများ ဒုတိယအကြိမ် ပြန်လည်စတင်ဖြစ်ပွားခဲ့သည့် အချိန်မှစတင်ကာ ကုန်စည်စီးဆင်းမှုနှင့် လမ်းကြောင်းအားလုံးကို စတင်ပိတ်ဆို့ ဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။
ထို့သို့ ပိတ်ဆို့ထားမှုမှာ လက်ရှိ ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ နှစ်နှစ်ခွဲနီးပါး ကြာမြင့်လာခဲ့ပြီဖြစ်ရာ မြေပြင်တွင် အခြေခံဆေးဝါးနှင့် ရိက္ခာ ရှားပါးပြတ်လပ်မှုဒဏ်ကို ဒေသခံများ ကြုံတွေ့နေရခြင်း ဖြစ်သည်။
ယခုအခါ ရာသီဥတုအကူးအပြောင်းကြောင့် သွေးလွန်တုပ်ကွေးနှင့် ဝမ်းရောဂါများ သိသိသာသာ ပြန့်ပွားလာ နေပြီး ရမ်းဗြဲ၊ မြောက်ဦး၊ ရသေ့တောင်၊ မင်းပြားနှင့် မြေပုံမြို့နယ်များတွင် ဆေးရုံတက်ရသည့် လူနာ ၃၃ ဦး အထိ ရှိလာခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်းကလည်း ရခိုင်တစ်ပြည်လုံးတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၂,၄၅၂ ဦး ရှိခဲ့ပြီး ၈ ဦး သေဆုံးခဲ့ကြောင်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည်။
မောင်တောခရိုင်အတွင်းရှိ စစ်ဘေးရှောင်များနှင့် ဒေသခံများအား အခုရက်ပိုင်းအတွင်း ဆေးကုသပေးခဲ့ပြီး၊ တောင်ကုတ်ခရိုင်အတွင်း ဇွန်လ ၇ ရက်မှ ၈ ရက်နေ့ အထိလည်းကောင်း၊ မြေပုံမြို့နယ်တွင် ဇွန်လ ၁၀ ရက်နေ့ ကလည်းကောင်း ကွင်းဆင်းကုသမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အလားတူ ဘူးသီးတောင်မြို့နယ် ပြိန်းချောင်းကျေးရွာနှင့် အင်းချောင်းကျေးရွာတို့တွင် ကိုယ်ဝန်ဆောင် အမျိုး သမီးများ၊ ဝမ်းရောဂါနှင့် အရေပြားရောဂါဖြစ်ပွားသူ ပြည်သူ ၅၀ ကျော်ကို ကုသပေးခဲ့ပြီး၊ တောင်ကုတ်ခရိုင် အတွင်းရှိ ကျေးရွာပေါင်း ၁၂ ရွာမှ ဒေသခံနှင့် စစ်ဘေးရှောင် ၄၆ ဦးကိုလည်း အရေပြားရောဂါနှင့် ငှက်ဖျား ရောဂါများ စစ်ဆေးကုသပေးခဲ့သေးသည်။
ရမ်းဗြဲဒေသခံ အမျိုးသမီးတစ်ဦးက “ဆေးဝါးတွေ ရှားပါးနေပေမယ့် အခုလိုကွင်းဆင်းပြီးကုပေးတော့ ကလေး တွေနဲ့ ကိုယ်ဝန်ဆောင်တွေအတွက် အဆင်ပြေပါတယ်၊ ပုံမှန်ဆေးထုတ်ဖို့လည်း နေရာတွေပြောခဲ့တာ ရှိပါ တယ်” ဟု ပြောသည်။
စစ်တပ်၏ ပိတ်ဆို့မှုများကြောင့် ပြည်သူ့ဆေးရုံများတွင် ဆေးဝါးနှင့် ကျန်းမာရေးဝန်ထမ်း မလုံလောက်မှုများ ဖြစ်ပေါ်နေချိန်တွင် အာရက္ခတပ်တော် (AA) ၏ ကျန်းမာရေးဌာနက ၎င်းတို့ထံရှိ ကျန်းမာရေးဝန်ထမ်းများ၊ စက်ကိရိယာများဖြင့် ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။
အထူးသဖြင့် မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့မှာ ရောဂါဖြစ်ပွားမှု အများဆုံးဒေသများ ဖြစ်နေသဖြင့် အရေးပေါ် ကုသရေးအဖွဲ့များကိုပါ တိုးမြှင့်စေလွှတ်ထားကြောင်းလည်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည်။