အမေရိကန်- အီရန် သဘောတူညီချက်ကြောင့် ရေနံဈေး ထိုးကျ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၆ ရက်။
အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား စစ်မက်ပြိုင်ဆိုင်မှုများကို အဆုံးသတ်ရန် နှစ်ဦးနှစ်ဖက် မူဘောင်သဘောတူညီချက်တစ်ရပ် ရရှိခဲ့ပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရားဝင်ကြေညာခဲ့သည်။
အဆိုပါ သဘောတူညီချက်ကို နှစ်နိုင်ငံခေါင်းဆောင်များက အီလက်ထရွန်နစ်စနစ်ဖြင့် လက်မှတ်ရေးထိုးခဲ့ကြသည်ဟုလည်း သမ္မတ ဒေါ်နယ်ထရန့်က ပြောသည်။
သဘောတူညီချက်အရ လက်ရှိပဋိပက္ခများ ပြင်းထန်နေသည့် လက်ဘနွန်စစ်မျက်နှာအပါအဝင် ရင်ဆိုင်နေရသော စစ်အခြေစိုက်စခန်းများနှင့် စစ်မျက်နှာအားလုံးရှိ စစ်ဆင်ရေးများကို ချက်ချင်းနှင့် အပြီးတိုင် ရပ်စဲသွားမည်ဖြစ်သည်။
ယခုလက်မှတ်ရေးထိုးမှုသည် ယာယီအပစ်အခတ်ရပ်စဲရေးကို နောက်ထပ် ရက်ပေါင်း ၆၀ အထိ သက်တမ်းတိုးမြှင့်လိုက်ခြင်းဖြစ်ပြီး၊ အမြဲတမ်းငြိမ်းချမ်းရေးသဘောတူညီချက် ရရှိနိုင်ရန် နှစ်ဦးနှစ်ဖက် ဆက်လက်ညှိနှိုင်း ဆွေးနွေးသွားကြမည် ဖြစ်သည်။
အမေရိကန်-အီရန် ငြိမ်းချမ်းရေးသတင်း ထွက်ပေါ်လာပြီးနောက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ပြန်လည်ပွင့်လှစ်တော့မည်ဟူသော မျှော်လင့်ချက်ကြောင့် ကမ္ဘာ့ရေနံစိမ်းစျေးနှုန်းများသည် ၅ ရာခိုင်နှုန်းကျော် ချက်ချင်းထိုးကျသွားခဲ့ပြီး ရေနံတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၈၂ ဒေါ်လာကျော်အထိ ကျဆင်းသွားခဲ့သည်။
အလားတူ အာရှ၊ ဥရောပနှင့် အမေရိကန်ပြည်ထောင်စုတို့ရှိ စတော့ရှယ်ယာစျေးကွက်များသည်လည်း တက်ကြွစွာ ပြန်လည်ဦးမော့လာခဲ့သည်။
သို့သော်လည်း စွမ်းအင်ကဏ္ဍဆိုင်ရာ ကျွမ်းကျင်သူများကမူ စစ်ပွဲကာလအတွင်း ရေပြင်၌ ထောင်ထားခဲ့သည့် ရေအောက်မိုင်းများကို အရင်ဆုံး ရှင်းလင်းရမည်ဖြစ်သောကြောင့် ဟော်မုဇ်ရေလက်ကြား ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နိုင်ရန် ရက်သတ္တပတ်အနည်းငယ်မှ ၆ လအထိ အချိန်ယူရနိုင်သေးကြောင်း သတိပေးပြောကြားထားသည်။