“စပိုင်ဒါမင်း” မီးတောင်တွင်းအတွင်းကျကာ သေဆုံး 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၆ ရက်။ 

ယီမင်နိုင်ငံမှ စပိုင်ဒါမင်းဟု လူသိများသူ အယ်လ်ကွာကွာ အစ်ဗ်အန်တာ မီးတောင်တွင်းထဲကျပြီး သေဆုံးသွားခဲ့ပါတယ်။ 

ခန္ဓာကိုယ်လုံခြုံရေး ကြိုး သို့မဟုတ် အကာအကွယ်ပစ္စည်း တစ်စုံတစ်ရာမပါဘဲ မတ်စောက်သည့် ကျောက်ဆောင်မြင့်ကြီးများကို စွန့်စွန့်စားစား တွယ်ကပ်တက်ပြလေ့ရှိခြင်းကြောင့် ဆိုရှယ်မီဒီယာပေါ်တွင် “ယီမင်၏ စပိုင်ဒါမင်း” (Spider-Man of Yemen) ဟု လူသိများသည့် အသက် ၃၀ အရွယ် ယီမင်နိုင်ငံသား အယ်လ်ကွာကွာ အစ်ဗ် အန်တာ ဟာ မီးတောင်တွင်းဟောင်းတစ်ခုအတွင်းသို့ ပြုတ်ကျကာ ကွယ်လွန်သွားခဲ့သည်။

၎င်းသည် သောကြာနေ့က မတ်စောက်လှသည့် မီးတောင်တွင်းနံရံအတိုင်း အကာအကွယ်မဲ့ တက်ရောက်ရန် ကြိုးပမ်းနေစဉ် လက်ချော်ကာ အောက်ခြေသို့ ပြုတ်ကျသွားခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါ ထိတ်လန့်ဖွယ် ဗီဒီယိုမှတ်တမ်းသည် လက်ရှိတွင် အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာများ၌ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့လျက်ရှိသည်။

ယီမင် ပြည်သူ့ကာကွယ်ရေး အာဏာပိုင်အဖွဲ့၏ ထုတ်ပြန်ချက်အရ အဆိုပါ မီးတောင်တွင်းအတွင်းပိုင်း၌ အပူချိန် အလွန်မြင့်မားခြင်းနှင့် မြေပြင်အနေအထား ကြမ်းတမ်းလွန်းခြင်းတို့ကြောင့် ယခုကယ်ဆယ်ရေးလုပ်ငန်းသည် သမိုင်းတစ်လျှောက် အခက်ခဲဆုံးနှင့် အန္တရာယ်အရှိဆုံး မြေပြင်မစ်ရှင်တစ်ခု ဖြစ်ခဲ့သည်ဟု ဆိုသည်။ 

ကယ်ဆယ်ရေးအဖွဲ့သည် တောင်တက်ပစ္စည်းများကို အသုံးပြုကာ မီတာ ၁၂၀ ကျယ်ဝန်းသည့် မီးတောင်တွင်းအောက်ခြေအထိ ဆင်းခဲ့ရပြီး၊ အောက်ခြေရှိ ဆာလ်ဖာရေပူကန်၏ ရေအောက်အနက် ပေ ၉၀ ကျော် (မီတာ ၃၀ ခန့်) တွင် ကွယ်လွန်သူ၏ ရုပ်အလောင်းကို ရေငုပ်သမားများက ရှာဖွေဖော်ထုတ် ဆယ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။