အမေရိကန် အစိုးရက နိုင်ငံသား ၂၅၀ ကို နိုင်ငံသား ရပ်စဲရန် တရားစွဲမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့သည် လာမည့် အောက်တိုဘာလမတိုင်မီ နိုင်ငံခြားသားအဖြစ်မှ အမေရိကန်နိုင်ငံသားအဖြစ် ပြောင်းလဲခံယူထားသူ အနည်းဆုံး ၂၅၀ ဦး၏ နိုင်ငံသားအဖြစ်ကို ပြန်လည်ရုပ်သိမ်းရန် တရားစွဲဆိုမှုများ ပြုလုပ်သွားရန် စီစဉ်နေကြောင်း အမေရိကန် တရားရေးဝန်ကြီးဌာန (DOJ) ၏ အဆင့်မြင့်အရာရှိတစ်ဦး၏ ပြောကြားချက်ကို CNN က ကိုးကားပြီး သတင်းထုတ်ပြန်ထားသည်။
အဆိုပါ လုပ်ဆောင်ချက်သည် တရားမဝင် ဝင်ရောက်နေထိုင်သူများကိုသာမက နိုင်ငံသားဖြစ်ခွင့်ရရှိထားပြီးသူများကိုပါ ပစ်မှတ်ထားသည့် သမ္မတထရမ့်၏ တင်းကျပ်သော လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မူဝါဒ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။
ယခုနှစ်အတွင်း နှစ်လမပြည့်မီသော ကာလအပိုင်းအခြား၌ပင် တရားရေးဝန်ကြီးဌာနသည် အရည်အချင်းမပြည့်မီဘဲ လိမ်လည်လှည့်ဖြားကာ အမေရိကန်နိုင်ငံသားအဖြစ် ခံယူခဲ့သည်ဟု စွပ်စွဲခံထားရသည့် နိုင်ငံခြားဖွား အမေရိကန်နိုင်ငံသား ၂၉ ဦးကို နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းရန် တရားစွဲဆိုထားပြီး ဖြစ်သည်။
လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်မှ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့အထိ ၁၈ နှစ်တာကာလအတွင်း တစ်နှစ်လျှင် ပျမ်းမျှ အမှုပေါင်း ၁၀ မှုအောက်သာ တရားစွဲဆိုခဲ့သော်လည်း၊ လက်ရှိ ထရမ့်အစိုးရလက်ထက်တွင် ယခင်နှစ်များထက် လုပ်ငန်းစဉ်များကို သိသိသာသာ အရှိန်မြှင့်တင်လာခြင်း ဖြစ်သည်။
လက်ရှိတွင် တရားရေးဝန်ကြီးဌာနသည် အခြားကဏ္ဍများမှ ရှေ့နေများနှင့် စုံစမ်းစစ်ဆေးရေးမှူးများကိုပါ ယခု နိုင်ငံသားအဖြစ်မှ ပြန်လည်ရုပ်သိမ်းရေး လုပ်ငန်းစဉ်များတွင် အင်အားဖြည့်တင်း အသုံးပြုလျက်ရှိသည်။
တရားရေးဝန်ကြီးဌာန၏ အဆိုအရ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားစဉ်ကာလအတွင်း သို့မဟုတ် ယင်းမတိုင်မီက လိမ်လည်မှုပြုလုပ်ခြင်း၊ ကလေးသူငယ်အပေါ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုခြင်း နှင့် အကြမ်းဖက်အဖွဲ့အစည်းများကို ထောက်ခံအားပေးကြောင်း ဖော်ပြခြင်း စသည့် ပြစ်မှုကျူးလွန်ခဲ့သူများကို အဓိက ပစ်မှတ်ထား တရားစွဲဆိုနေခြင်း ဖြစ်သည်ဟု ဆိုသည်။
သို့သော်လည်း အမေရိကန်နိုင်ငံအတွင်း မွေးဖွားပြီး နိုင်ငံသားဖြစ်ခွင့် ရရှိထားသူများ (Birthright Citizenship) အတွက်မူ ယခုဖြစ်ရပ်နှင့် သက်ဆိုင်ခြင်းမရှိပေ။
အကယ်၍ အစိုးရအဖွဲ့အနေဖြင့် တရားရုံးတွင် အနိုင်ရရှိပါက အဆိုပါပုဂ္ဂိုလ်များသည် အမေရိကန်နိုင်ငံသား မဖြစ်မီက ရရှိထားသည့် အမြဲတမ်းနေထိုင်ခွင့် (Green Card) အဆင့်အတန်းသို့ ပြန်လည်ရောက်ရှိသွားမည်ဖြစ်ပြီး၊ ပြစ်မှုအမျိုးအစားအပေါ် မူတည်၍ မိခင်နိုင်ငံသို့ ပြန်လည်နှင်ထုတ်ခြင်း (Deportation) အထိပါ ရင်ဆိုင်ရနိုင်မည်ဖြစ်သည်။