ဖရူဆိုတွင် လေကြောင်းနှင့် လက်နက်ကြီးကြောင့် စစ်ဘေးရှောင် ၂ ဦး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်။
ကရင်နီ (ကယား) ပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များ ခိုလှုံရာကျေးရွာကို စစ်တပ်က လေကြောင်း နှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့သဖြင့် စစ်ဘေးရှောင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ် ၅ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များနှင့် စစ်ဘေးရှောင်များက ပြောသည်။
ဇွန်လ ၃၀ ရက် နေ့လယ် ၁၂ နာရီခွဲခန့်တွင် ရှမ်းပြည် အရှေ့အလယ်ပိုင်း နမ့်စန်မြို့မှ ပျံတက်လာသည့် စစ်တပ်၏ ဂျက်ဖိုက်တာတိုက်လေယာဉ်တစ်စင်းက ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ ခိုလှုံရာနေရာသို့ ဦးတည်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် အသက် ၁၉ နှစ်အရွယ် ၁၂ တန်းကျောင်းသားတစ်ဦး ခြေထောက်တွင် ပြင်းထန် ဒဏ်ရာ ရရှိခဲ့ပြီး အနီးအနားရှိ လူနေအိမ် ၅ လုံး မီးလောင်ပြာကျခဲ့ရသည်။
လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ မြေပြင်ရှိ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက “နိမ့်နိမ့်လေး ပျံလာတာ။ ဘာမှမကြားရဘူး။ စက်သတ်ပြီး ဆင်းလာတာလား၊ ဘာလား ကျနော်တို့လည်း သေချာမသိဘူး။ ကြဲပြီဆိုမှ အသံပေါ်လာတာ။ ဘယ်လိုမှ ပြေးချိန်တောင် မမီကြဘူး။ တော်သေးတာပေါ့ လူသိပ်မထိကြလို့။ မဟုတ်ရင် မလွယ်ဘူး” ဟု ပြောသည်။
ထို့ပြင် ထိုနေ့ ညနေ ၄ နာရီခန့်တွင်လည်း ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းသို့ စစ်တပ်က လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်ခဲ့ရာ တောင်ယာလုပ်ငန်းခွင်မှ ပြန်လာသည့် အသက် ၁၉ နှစ်အရွယ် စစ်ဘေးရှောင် အမျိုးသမီး တစ်ဦး လက်မောင်းတွင် လက်နက်ကြီးစထိမှန်ကာ ဒဏ်ရာရရှိခဲ့သေးသည်။
စစ်တပ်သည် ဖရူဆိုမြို့နယ်အပြင် နန်းမယ်ခုံနှင့် ဒီးမော့ဆိုအနောက်ခြမ်းရှိ ကျေးရွာများကိုလည်း လက်နက်ကြီး နှင့် ဒရုန်းများအသုံးပြုကာ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေသည်။
ယခုကဲ့သို့ စစ်ရေးမတည်ငြိမ်မှုများနှင့်အတူ စစ်ဘေးရှောင်ကာလ ကြာမြင့်လာသဖြင့် ဒေသတွင်းရှိ စစ်ဘေး ရှောင်တောင်သူများမှာ ရပ်တည်ရေးအတွက် ခက်ခဲလာနေကြသည်။
မြေပြင်ရှိ စစ်ဘေးရှောင်တောင်သူအမျိုးသမီးတစ်ဦးကလည်း “ဒီနှစ်ဆို ပိုဆိုးတယ်။ မနှစ်လောက်ကတည်းက အလှူရှင် မလာတော့ဘူး။ ဘာမှကို မရောက်ဘူး။ မိုးဗြဲဘက်ကျတော့လည်း သူတို့ပိတ်တာနဲ့ စိုက်လို့မရ။ ဒီဘက်ကျတော့လည်း နေ့တိုင်း ပစ်နေခတ်နေတော့ သွားရမှာလည်း ခပ်လန့်လန့် ကြောက်တယ်လေ။ ကျမတို့လည်း လုပ်စရာက ဒါပဲရှိတော့ လုပ်နေရတာပဲ” ဟု ပြောသည်။
လက်ရှိတွင် ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ် မိုးဗြဲမြို့ရှိ စစ်တပ်စခန်းများကို တော်လှန်ရေး အင်အားစု များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်တပ်ဘက်က အထိနာခဲ့သဖြင့် ယခုကဲ့သို့ စစ်ဘေးရှောင်များရှိရာ ကျေးရွာများကို ဦးတည်ပစ်ခတ်နေခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက သုံးသပ်ကြသည်။