အင်းတော် တိုက်ပွဲများကြောင့် မြစ်ကြီးနား – မန္တလေး လမ်း သွားလာရေး ခက်ခဲနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်။
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်အတွင်း စစ်တပ်က မဲဇာကျေးရွာဘက်သို့ ဦးတည်၍ စစ်ကြောင်းထိုးလာခြင်း ကြောင့် အင်းတော် – မဲဇာ လမ်းပိုင်း၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်။
ထိုတိုက်ပွဲများကြောင့် အချက်အချာကျသည့် မြစ်ကြီးနား – မန္တလေး ပြည်ထောင်စုလမ်းမကြီး၏ သွားလာရေး မှာလည်း စစ်ရေးအခြေအနေပေါ် မူတည်၍ ဖွင့်လိုက်၊ ပိတ်လိုက် ဖြစ်နေကြောင်း ဒေသခံများနှင့် ခရီးသွား ပြည်သူများက ပြောသည်။
ဒေသခံများ၏ ပြောဆိုချက်အရ စစ်တပ်သည် ဇွန်လ ၂၅ ရက်ဝန်းကျင်မှစတင်ကာ အင်းတော်မြို့မှ မဲဇာကျေးရွာ ဘက်သို့ စစ်ကြောင်းများ ခွဲထွက်လာခဲ့ပြီး လမ်းတစ်လျှောက် တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။
စစ်တပ်သည် အင်းတော်နှင့် မော်လူးမြို့များကို ပြန်လည်ထိန်းချုပ်ထားနိုင်သော်လည်း မဲဇာကျေးရွာဘက်တွင် စစ်ရေးလှုပ်ရှားမှုများ ဆက်လက်ရှိနေဆဲဖြစ်သည်။
မြေပြင်စစ်ရေးအခြေအနေနှင့် ပတ်သက်၍ အင်းတော်ဒေသခံတစ်ဦးက “တိုက်ပွဲကတော့ ဖြစ်နေတာ။ အင်းတော်ကနေ မဲဇာဘက်ကို စစ်တပ်က စစ်ကြောင်းထွက်တဲ့အချိန် လမ်းမှာဖြစ်နေတာပေါ့။ မြစ်ကြီးနား – မန္တလေးလမ်းကလည်း ဖွင့်လိုက်ပိတ်လိုက်ပေါ့လေ တိုက်ပွဲအခြေနေတော့အသေးစိတ်မသိပေမဲ့ တိုက်ပွဲ ငြိမ် သွားတဲ့အခါ ပြန်ဖွင့်၊ တိုက်ပွဲဖြစ်တဲ့အခါ ပြန်ပိတ် အဲ့လိုဖြစ်နေတာ” ဟု ပြောသည်။
မဲဇာကျေးရွာသည် အင်းတော်မြို့၏ တောင်ဘက် ၁၀ မိုင်ခန့်အကွာတွင် တည်ရှိပြီး မြစ်ကြီးနား – မန္တလေး ပြည်ထောင်စု လမ်းမကြီးဘေး၌ တည်ရှိကာ ဒေသတွင်း စစ်ဘေးရှောင်ပြည်သူ အများအပြား ခိုလှုံနေထိုင်ရာ နေရာတစ်ခုဖြစ်သလို သယ်ယူပို့ဆောင်ရေးအတွက်လည်း အချက်အချာကျသည့် ကျေးရွာတစ်ရွာဖြစ်သည်။
လက်ရှိတွင် စစ်တပ် စစ်ကြောင်းသည် မဲဇာကျေးရွာသို့ ရောက်ရှိခြင်းမရှိသေးဘဲ အင်းတော်နှင့် မဲဇာကြား လမ်းပိုင်းတွင်သာ တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။
တိုက်ပွဲများ ဖြစ်ပွားနေသည့်အချိန်တွင် ပြည်ထောင်စုလမ်းမကြီးကို ယာယီပိတ်ထားပြီး အခြေအနေ ငြိမ်သက် သွားသည့် အခါမှသာ ယာဉ်များကို ပြန်လည်ဖြတ်သန်းခွင့်ပြုလေ့ရှိကြောင်း ဒေသခံများက ဆိုသည်။
ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်ကလည်း နဘား – ကသာ လမ်းပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ခရီးသည် တင်ယာဉ် နှစ်စီး ကျည်ထိမှန်ခဲ့ကြောင်း ခရီးသွားပြည်သူများက ပြောသည်။
ယာဉ်များ လမ်းပေါ်တွင် ပိတ်မိနေစဉ် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် လမ်းပြန်ဖွင့်သဖြင့် ခရီးဆက်နိုင်ခဲ့ကြသော်လည်း ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
စစ်တပ်သည် အင်းတော်နှင့် မော်လူးမြို့များကို ပြီးခဲ့သည့် ဧပြီလနှောင်းပိုင်းနှင့် မေလအစပိုင်းတွင် ပြန်လည် ထိန်းချုပ်ခဲ့ပြီးနောက် အဆိုပါဒေသတစ်ဝိုက်၌ တိုက်ပွဲများ မကြာခဏ ပြန်လည်ဖြစ်ပွားလျက်ရှိသည်။
လက်ရှိတွင် မဲဇာဘက်သို့ ဦးတည်သည့် စစ်ကြောင်းလှုပ်ရှားမှုများ ဆက်ရှိနေခြင်းကြောင့် မြစ်ကြီးနား – မန္တလေး ပြည်ထောင်စုလမ်းမကြီး၏ လုံခြုံရေးအခြေအနေမှာ စစ်ရေးအခြေအနေပေါ် မူတည်၍ အချိန်မရွေး ပြောင်းလဲ နိုင်သည့် အနေအထားတွင် ရှိနေကြောင်း ဒေသခံများက သုံးသပ်ပြောဆိုကြသည်။