ပထမဆုံး အာရက္ခထီ သိန်း ၅၀၀ ဆုရှင် ကျောက်တော်မြို့မှ ထွက်ပေါ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ရက်။

ရခိုင်လူထု တစ်ခဲနက်စိတ်ဝင်စားနေသည့် ပထမအကြိမ် အာရက္ခထီ (အာရက္ခလောင်ပေါ်) ကံစမ်းမဲဖွင့်လှစ်မှုကို ဇူလိုင်လ ၁ ရက်နေ့တွင် အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ကျင်းပခဲ့ရာ အမြင့်ဆုံးဆုဖြစ်သည့် ကျပ်သိန်း ၅၀၀ ကံထူးရှင် ထွက်ပေါ်လာသည်။ 

အဆိုပါ အမြင့်ဆုံးဆုမဲကို ကျောက်တော်မြို့တွင် နေထိုင်သူ ဒေါ်မသန်းယီက ကံထူးသွားခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ထုတ်ပြန်ချက်အရ သိရသည်။

ပထမအကြိမ် ကံစမ်းမဲဖွင့်လှစ်ရာတွင် အမြင့်ဆုံး ကျပ်သိန်း ၅၀၀ ဆု ပေါက်မဲနံပါတ်မှာ ၃၂၃၆၉၂ ဖြစ်သည်။ ကံထူးရှင် ဒေါ်မသန်းယီသည် အာရက္ခထီ နှစ်စောင်ဝယ်ယူခဲ့ရာမှ တစ်စောင်မှာ အမြင့်ဆုံးဆု ပေါက်မဲဖြစ်သွားခဲ့ ခြင်း ဖြစ်သည်။

ယခုဖွင့်လှစ်ခဲ့သည့် အာရက္ခလောင်ပေါ်တွင် အမြင့်ဆုံး ကျပ်သိန်း ၅၀၀ ဆုအပြင်၊ ဒုတိယဆု ကျပ်သိန်း ၃၀၀ ပေါက်မဲနံပါတ်မှာ (116482) နှင့် တတိယဆု ကျပ်သိန်း ၁၀၀ ပေါက်မဲနံပါတ်မှာ (079645) တို့ ဖြစ်ကြသည်။ 

ထို့ပြင် စတုတ္တဆုဖြစ်သည့် ကျပ်သိန်း ၅၀ ပေါက်မဲနံပါတ် ၆ ခုမှာ (331004)၊ (168447)၊ (220538)၊ (110036)၊ (292678)၊ (165555) တို့ ဖြစ်ပြီး ကျပ်သိန်း ၂၀ ဆုနှင့် ကျပ် ၁၀ သိန်းဆု အပါအဝင် စုစုပေါင်း ဆုမဲအရေ အတွက် ၃၉ ဆု ရှိသည်။

အာရက္ခထီ ကံစမ်းခဲ့သူ ဒေသခံအမျိုးသမီးတစ်ဦးက ကျောက်တော်က အစ်မတစ်ယောက် သိန်း ၅၀၀ ဆုရှင် ဖြစ်သွားတယ်။ ကျမတို့ လက်လုပ်လက်စားတွေ အတွက် အာရက္ခလောင်ပေါ်ကတော့ မျှော်လင့်ချက်ပါ။ နောက်လတွေမှာလည်း ဆက်လက်အားပေးသွားမှာပါ။ ကိုယ့်ပြည်မှာ တရားဝင် ကံစမ်းခွင့်ရပြီး မှန်မှန် ကန်ကန် လုပ်ပေးလို့ တပ်တော်ကို ကျေးဇူးပါဟု ပြောသည်။

အာရက္ခလောင်ပေါ် ဖွင့်ပွဲ အစီအစဉ်ကို ရခိုင်ပြည်တွင်းရှိ ပြည်သူများသာမက ပြည်ပရောက် ရခိုင်လူမျိုးများ ကပါ စိတ်ဝင်တစား စောင့်မျှော်ကြည့်ရှုခဲ့ကြသည်။ 

ကံထူးရှင်များအနေဖြင့် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ မိမိတို့၏ ဆုငွေများကို သတ်မှတ် ကာလအတွင်း ထုတ်ယူနိုင်ကြောင်း တာဝန်ရှိသူများက အသိပေးထားသည်။

အဆိုပါ အာရက္ခလောင်ပေါ်ကို အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရ၏ အကောက်ခွန်နှင့် အခွန်ဌာနက ဦးဆောင်ရောင်းချနေခြင်း ဖြစ်သည်။ 

ထိုအစီအစဉ်သည် ဒေသတွင်း၌ တရားမဝင် လောင်းကစားလုပ်ငန်းများကို လျော့နည်းပပျောက်စေရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်သည့် ရန်ပုံငွေများ ရှာဖွေစုဆောင်းနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။