၉ ရက်အတွင်း ရုရှားသင်္ဘော ၁၁၆ စင်းကို တိုက်ခိုက်နိုင်ခဲ့ကြောင်း ယူကရိန်း ကြေညာ 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်။ 

အာဇော့ဗ်ပင်လယ် (Sea of Azov) အတွင်း လွန်ခဲ့သည့် ၉ ရက်တာကာလအတွင်း ရုရှားပိုင် ကုန်သွယ်ရေးနှင့် ဆီတင်သင်္ဘော စုစုပေါင်း ၁၁၆ စင်းထက်မနည်းကို တိုက်ခိုက်နိုင်ခဲ့ကြောင်း ယူကရိန်းအစိုးရက တရားဝင်ထုတ်ပြန် ကြေညာလိုက်သည်။

နောက်ဆုံးဖြစ်ပွားခဲ့သော ဇူလိုင် ၁၄ ရက် အင်္ဂါနေ့ည တိုက်ခိုက်မှုတွင် ရုရှားသင်္ဘော ၁၁ စင်း ထပ်မံထိမှန်ခဲ့သည်။  

အဆိုပါသင်္ဘောများတွင် ဆီတင်သင်္ဘော ၅ စင်း၊ ကုန်တင်သင်္ဘော ၅ စင်းနှင့် တွန်းသင်္ဘော ၁ စင်းတို့ ပါဝင်သည် ဟု ဆိုသည်။ 

ထို့ပြင် ပြီးခဲ့သည့် စနေနေ့ကလည်း တစ်ရက်တည်းတွင် ရုရှားရေနံတင်သင်္ဘောကြီး စုစုပေါင်း ၂၁ စင်းကို ယူကရိန်းဘက်က အကြီးအကျယ် တိုက်ခိုက်ခဲ့သည်။

ယူကရိန်းနိုင်ငံသည် အခုနောက်ပိုင်းတွင် ဒရုန်းထုတ်လုပ်မှုစွမ်းရည်ကို မြှင့်တင်ကာ ရုရှား၏ စွမ်းအင်ကဏ္ဍများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်သည်။ 

ယခုတိုက်ခိုက်မှုများသည် ရုရှားထိန်းချုပ်ထားသည့် ခရိုင်းမီးယားဒေသသို့ လောင်စာဆီထောက်ပံ့မှု လမ်းကြောင်းများ ဖြတ်တောက်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ 

ရုရှားစိုက်ပျိုးရေးဝန်ကြီးဌာနကမူ ယူကရိန်း၏ တိုက်ခိုက်မှုများကြောင့် ကောက်ပဲသီးနှံ တင်ပို့ရန်အတွက် လမ်းကြောင်းသစ်များ ရှာဖွေနေရကြောင်း ဝန်ခံထားသော်လည်း ယခုဖြစ်စဉ်သည် ပြည်တွင်းစားနပ်ရိက္ခာစျေးကွက်နှင့် ပို့ကုန်ကဏ္ဍအပေါ် ထိခိုက်မှုမရှိစေရဟု ပြောကြားထားသည်။ 

လက်ရှိတွင် အဆိုပါပင်လယ်ပြင်အတွင်း သင်္ဘောသွားလာခွင့်များကို ရုရှားက ကန့်သတ်ထားလိုက်သည်။