ရိုဟင်ဂျာဒုက္ခသည် ၅၀၀ ကျော်လိုက်ပါလာသော စက်လှေနှစ်စီး နစ်မြုပ်ဟု ကုလသမဂ္ဂ ထုတ်ပြန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်။

ရိုဟင်ဂျာ ဒုက္ခသည် ၅၀၀ ကျော် စီးနင်းလိုက်ပါလာသည့် စက်လှေနှစ်စီး မြန်မာ့ပင်လယ်ပြင်တွင် နစ်မြုပ်သွားခဲ့ပြီး လူပေါင်းရာနှင့်ချီ၍ သေဆုံးပျောက်ဆုံးနေကြောင်း ကုလသမဂ္ဂအဖွဲ့အစည်းများက သတိပေးထုတ်ပြန်လိုက်သည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (IOM) တို့၏ အဆိုအရ အဆိုပါစက်လှေများသည် ဇွန်လကုန်ပိုင်းက ရခိုင်ပြည်နယ်မှ ထွက်ခွာလာခဲ့ကြခြင်း ဖြစ်သည်။ 

လူဦးရေ ၂၅၀ ခန့် တင်ဆောင်လာသည့် ပထမစက်လှေသည် ထွက်ခွာပြီးမကြာမီမှာပင် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။ 

လူဦးရေ ၂၈၀ ခန့် တင်ဆောင်လာသည့် ဒုတိယစက်လှေမှာမူ ဇူလိုင် ၈ ရက်နေ့တွင် ဧရာဝတီတိုင်း ကမ်းလွန်ပင်လယ်ပြင်၌ နစ်မြုပ်သွားခဲ့ခြင်းဖြစ်သည်။

အဆိုပါစက်လှေများပေါ်တွင် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများအပြင် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာအချို့လည်း ပါဝင်သည်ဟု ဆိုသည်။ 

၎င်းတို့သည် ပင်လယ်ရေလှိုင်းပြင်းထန်ပြီး အန္တရာယ်များသည့် ရာသီဥတုဆိုးရွားချိန်တွင် ပင်လယ်ဖြတ်ကျော်ခရီးစဉ်ကို စွန့်စားခဲ့ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ပြည်တွင်းစစ်ကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများ ပိုမိုဆိုးရွားလာနေပြီး ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများတွင် ရန်ပုံငွေ ဖြတ်တောက်ခံရမှုကြောင့် စားဝတ်နေရေး ပိုမိုကျပ်တည်းလာနေသည်ဟု ကုလသမဂ္ဂအဖွဲ့အစည်းများ၏ ထောက်ပြသည်။ 

ရိုဟင်ဂျာများသည် ဘေးကင်းလုံခြုံရာနေရာသို့ ရောက်ရှိနိုင်ရန် အသက်စွန့်၍ ရေလမ်းခရီးကို ရွေးချယ်လာကြခြင်း ဖြစ်သည်။ 

အခုနှစ်အတွင်း အင်ဒမန်ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် ရိုဟင်ဂျာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၀၀ နီးပါး သေဆုံးပျောက်ဆုံးခဲ့ပြီးဖြစ်သည်။ 

လက်ရှိတွင် ဒေသတွင်း၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားနေခြင်းကြောင့် ပင်လယ်ဖြတ်ကျော်မည့် ခရီးစဉ်များသည် ယခင်ကထက် ပိုမိုအန္တရာယ်ကြီးမားလာကြောင်း UNHCR က သတိပေးထားသည်။

Photo:Reuters